LGBTQI+
ခေတ်ရေစီးကြောင်းအလိုက် QUEER CINEMA
Monila Treut ကို Queer Cinema ရှေ့ဆောင်များအနက်တစ်ဦးအပါအဝင်အဖြစ်သတ်မှတ်နိုင်သည်။ ဤအင်တာဗျူးတွင် ရုပ်ရှင်ဒါရိုက်တာနှင့်ထုတ်လုပ်သူ Monika Treut ကအနောက်တိုင်းလူ့အဖွဲ့အစည်းများမှအပြုသဘောဖွံ့ဖြိုးတိုးတက်မှုများ၊ ဖိနှိပ်ချုပ်ချယ်ထားသောခေတ်ရေစီးကြောင်းများနှင့် ဖြစ်ထွန်းသင့်သလောက်မဖြစ်ထွန်းသည့်အခြေအနေများအကြောင်းပြောပြထားသည်။
Monika Treut သည် စာရေးသူ၊ ဒါရိုက်တာနှင့် Hamburg မြို့ရှိ Hyena Films ၏ CEO ဖြစ်သည်။ သူ၏ ရုပ်ရှင်များနှင့် မှတ်တမ်းရုပ်ရှင်များသည် နိုင်ငံတကာမှ ချီးကျူးမှုကို ရရှိထားပြီး အီတလီ၊ ဘရာဇီး၊ အင်္ဂလန်နှင့် ဂရိအပါအဝင် နိုင်ငံများစွာတွင် ဆုများစွာကို ဆွတ်ခူးထားသည်။
| ဓါတ်ပုံ။ ။ © Monika Treut / Salzgeber
Ms Treut ခင်ဗျားကို Queer Cinema ရှေ့ဆောင်သူအဖြစ်သတ်မှတ်ထားကြတယ်။ ဒီမှာ “queer” ဆိုတဲ့ စကားလုံးကဘာအဓိပ္ပာယ်ပါလဲ။
“queer” ဆိုတဲ့ စကားလုံးက လိင်ကွဲစိတ်ဝင်စားမှုကိုစံထားတဲ့လူ့အဖွဲ့အစည်းရဲ့ ကန့်သတ်ချက်တွေရဲ့အပြင်ဘက်မှာရှိနေသမျှ အရာအားလုံးကိုအကျုံးဝင်စေပါတယ်။ (၁၉၉၀) ခုနှစ်တွေမှာ Queer Cinema ကိုစတင်ခဲ့တဲ့အချိန်တုန်းက queer ဆိုတာက ရှက်စရာကောင်းတဲ့အဓိပ္ပာယ်အဖြစ်ပဲရှိနေပါသေးတယ်။ အဲဒီအချိန်ကတည်းကစပြီး လိင်တူချင်းနှစ်သက်သူလူမှုအသိုက်အဝန်းက အဲဒီစကားလုံးကိုပြန်လည်အဓိပ္ပာယ်သတ်မှတ်ခဲ့ပြီးတော့ ဒီနေ့ခေတ်မှာ အနောက်တိုင်းနိုင်ငံအများစုမှာလက်ခံထားတဲ့ကိုယ့်ကိုယ်ကိုယ်ဖော်ပြချက်အဖြစ်နဲ့ ယုံကြည်မှုရှိရှိအသုံးပြုနေကြပါပြီ။
ဒီစကားလုံးကိုထောက်ခံတာက အခြားနေထိုင်မှုပုံစံတွေရဲ့လက်ခံနိုင်မှုကိုလည်း ထင်ဟပ်နိုင်တာမျိုးရှိလား။
ဂျာမနီနိုင်ငံမှာရှိတဲ့ လူ့အဖွဲ့အစည်းရဲ့အတွေးအခေါ်အသစ်တွေကိုလက်ခံတဲ့ကဏ္ဍမှာ တာဝန်ယူမှုတွေရှိတယ်။ queer တွေရဲ့ဘဝကို ပိုစိတ်ဝင်စားလာကြပြီးတော့ တိုးတက်လာတဲ့ဝိသေသလက္ခဏာကို အသိမှတ်ပြုလာတယ်ဆိုတာကိုပြသနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဂျာမန်လူ့အဖွဲ့အစည်းရဲ့ယေဘုယျသဘောထားက အပြုသဘောဆောင်ပါတယ်။ ဒါပေမဲ့လည်း ယဉ်ကျေးမှုနဲ့ပတ်သက်လို့ အချင်းပွားတာမျိုးတော့ရှိတာပေါ့။ မိသားစုကမြင့်မြတ်ပါတယ်လို့သတ်မှတ်ထားကြတဲ့ ရှေးရိုးစွဲပြီးအမျိုးသားရေးစိတ်ဓာတ်ပြင်းတဲ့အသိုင်းအဝိုင်းတွေမှာဆိုရင် ကွဲလွဲနေတဲ့သရုပ်လက္ခဏာတွေက လူသိရှင်ကြားပုတ်ခတ်သရော်ခံနေရတုန်းပါပဲ။ ဥပမာ ဂျာမနီမှာရှိတဲ့ Alternative für Deutschland (AfD) ပါတီ၊ ပြင်သစ်မှာရှိတဲ့ Front National ပါတီ၊ ဟန်ဂေရီနဲ့ပိုလန်က နိုင်ငံရေးအရလွှမ်းမိုးမှုရှိတဲ့အဖွဲ့အစည်းတွေက queer တွေရဲ့နေထိုင်မှုနည်းလမ်းကို ဘယ်လိုမှလက်မခံကြဘဲ လူ့အဖွဲ့အစည်းကိုပျက်စီးစေတဲ့အရာလို့တောင်မြင်ကြတာပါ။ ဒါပေါ့ အဲဒီထဲမှာ ကတ်သလစ်ဘုရားကျောင်းကလည်းကဏ္ဍတစ်ခုအဖြစ်ပါဝင်နေတာပေါ့။
ဒါဆိုရင် ဘယ်နိုင်ငံတွေကအပြုသဘောဆောင်တဲ့အကြောင်းပြချက်တွေအတွက် ရပ်တည်ပေးကြလဲ။
အမျိုးသမီးချင်းနှစ်သက်သူ၊ အမျိုးသားချင်းနှစ်သက်သူနဲ့ လိင်ပြောင်းထားတဲ့လူတွေရဲ့ အခွင့်အရေးတွေ၊ လူလုပ်သန္ဓေတည်စေနည်းနဲ့ကလေးမွေးစားတာတွေနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေကိုအလေးပေးတဲ့နေရာမှာ အာဂျင်တီးနားက တစ်ကမ္ဘာလုံးရဲ့ခေါင်းဆောင်ပါပဲ။ USA မှာဆိုရင်တော့ ကိုယ်ရောက်နေတဲ့နေရာပေါ်မူတည်တယ်။ New York က အခြေအနေတွေဆိုရင် Arkansas လိုနေရာမှာရှိတဲ့အခြေအနေမျိုးနဲ့ အများကြီးကွာခြားမှုရှိတယ်။
ဂျာမနီမှာရှိတဲ့ queer တွေရဲ့အခွင့်အရေးနဲ့ပတ်သက်တဲ့အခြေအနေက ဘယ်လိုမျိုးလဲ။
ဂျာမနီမှာဆိုရင် queer အဖွဲ့အစည်းအတွက်အများအမြင်က ကောင်းတဲ့သဘောမှာရှိပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံမှာတောင် တချို့နေရာမှာရှိတဲ့လူတွေက လက်ခံနိုင်စွမ်းနည်းနေကြပါသေးပါတယ်။ ဒါပေမဲ့ ဒါတွေကိုတရားဝင်အဆင့်ထိရောက်အောင်လုပ်ဖို့ကတော့ လိုအပ်နေသေးတယ်။ ဥပမာ ကလေးမွေးစားတဲ့ကိစ္စဆိုရင် လိင်တူနှစ်သက်သူစုံတွဲတွေအတွက် အရမ်းကိုခက်ခဲရှုပ်ထွေးပြီးတော့အချိန်ကုန်နေတုန်းပါပဲ။ လိင်ပြောင်းထားတဲ့လူတွေအတွက် တချို့ကိစ္စတွေမှာ နိုင်ငံသားမှတ်ပုံတင်ပြောင်းတဲ့ကိစ္စက အရှက်ရစရာကောင်းတဲ့ဖြစ်ရပ်မျိုး ဖြစ်သွားနိုင်တယ်။ သူတို့တွေက တစ်ဖက်လူရဲ့အားနည်းချက်ကိုပစ်မှတ်ထားတဲ့မေးခွန်းမျိုးတွေကို မေးကြတာပါ။
ရွာရှိရုပ်ရှင်ရုံတွင် (၃) လအကြာပြသပြီးနောက် သို့လော သို့လောဖြစ်ခြင်းများလွင့်ပြယ်ပပျောက်သွားခဲ့သည်။ ။“Von Mädchen und Pferden” ရုပ်ရှင်သည် queer ကိစ္စရပ်များကိုအာရုံစိုက်လေ့မရှိသော ကျေးလက်ဒေသတွင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
| ဓါတ်ပုံ။ ။ © Edition Salzgeber
ဒီအခြေအနေမျိုးအတွက် ရုပ်ရှင်လုပ်ငန်းက ဘယ်အခန်းကဏ္ဍမှာပါဝင်တာလဲ။ ရုပ်ရှင်တွေက အများပြည်သူရဲ့အမြင်ကို အပြုသဘောဆောင်တဲ့နည်းလမ်းနဲ့လွှမ်းမိုးနိုင်ပါသလား။
သေချာပေါက်လွှမ်းမိုးနိုင်တာပေါ့။ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဥပမာတစ်ခုပေးမယ်။ ကျွန်မတို့က German-Danish နယ်စပ်နားက အမျိုးသမီးချင်းနှစ်သက်တဲ့မိန်းကလေးတွေအကြောင်းရိုက်ကူးထားတဲ့ Von Mädchen und Pferden (Of Girls and Horses) ဆိုတဲ့ရုပ်ရှင်ကိုဖန်တီးခဲ့တယ်လေ။ အဲဒီနေရာက သားသမီးတွေရဲ့ပံ့ပိုးမှုပေါ် အားကိုးပြီး မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြတဲ့ ကျေးလက်တောနယ်လေ။ အလုပ်ကိုပြီးအောင်လုပ်ဖို့လိုသလို တိရစ္ဆာန်တွေကိုလည်းဂရုစိုက်ရတယ်။ အစတုန်းကတော့ ဒါကအတော်လေးအငြင်းပွားစရာကောင်းတဲ့ အကြောင်းအရာမျိုးပေါ့။ နောက်တော့ ရုပ်ရှင်ကို အဲဒီတောနယ်ကရုပ်ရှင်ရုံမှာ သုံးလကြာအောင်ပြလိုက်ရတယ်။တဖြည်းဖြည်းနဲ့ အားလုံးက ရုပ်ရှင်ကိုကြည့်ပြီးသားဖြစ်သွားပြီး ညှို့ယူခံလိုက်ရတာပေါ့။ ဒီမတိုင်ခင်က queer ကိစ္စရပ်တွေက အဲဒီကလူတွေအတွက် မရင်းနှီးတဲ့နယ်ပယ်တစ်ခုလိုဖြစ်နေတာလေ။ အဲဒါကြောင့် အစပိုင်းမှာ သူတို့ကလက်မခံကြဘူး။ ဒါပေမဲ့ သူတို့တွေဆီမှာ အတွေ့အကြုံပိုများလာတာနဲ့ အရာရာပြောင်းလဲသွားတယ်။ သူတို့တွေက မတူညီတဲ့လိင်စိတ်ခံယူမှုရှိတဲ့လူတွေနဲ့ အထိအတွေ့မရှိခဲ့ဖူးရုံပဲရှိကြတာပါ။ ဒီလိုပြောင်းလဲမှုမျိုးကိုမြင်ရတာ အရမ်းကောင်းပါတယ်။ အခုဆိုရင် အဲဒီတောနယ်လေးက ကျွန်မတို့ရဲ့ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုကြတယ်။ ကျွန်မတို့နဲ့ မိသားစုလိုအဆက်အသွယ်တွေတောင်ရှိနေပြီလေ။
အော်စကာဆုရရှိသော “Brokeback Mountain” ရုပ်ရှင်သည် Queer ရုပ်ရှင်များအတွက်ထိုးဖောက်အောင်မြင်ခဲ့သည်။
| ဓါတ်ပုံ။ ။ © picture-alliance / Mary Evans Picture Library
Queer ရုပ်ရှင်တွေမှာ နိုင်ငံရေးနဲ့ဆိုင်တဲ့လုပ်ငန်းစဉ်မျိုးရှိခဲ့ဖူးတယ်။ ဥပမာ Rosa von Praunheim က (၇၀) ခုနှစ် အစောပိုင်းတွေတုန်းကရှိခဲ့တဲ့ လိင်ကွဲစိတ်ဝင်စားမှုအပြင် လိင်စိတ်ခံယူမှုနဲ့နေထိုင်မှုပုံစံတွေကိုလက်ခံဖို့ လူ့အဖွဲ့အစည်းကိုတောင်းဆိုခဲ့တာမျိုးပေါ့။
ဟုတ်တယ်။ အဲဒါက စစ်ကြေညာလိုက်သလိုမျိုးပဲ။ နိုင်ငံရေးအရနိုးကြားတက်ကြွဖို့အတွက် အမျိုးသားချင်းနှစ်သက်သူနဲ့ အမျိုးသမီးချင်းနှစ်သက်သူတွေကို မေတ္တာရပ်ခံချက်ဆိုလည်းဟုတ်တယ်။ အရင်တုန်းက လိင်တူစိတ်ဝင်စားတာကို ညစ်ညမ်းတဲ့အကြောင်းအရာတစ်ခုလို့သတ်မှတ်ကြတယ်။ (၂၀၀၄) ခုနှစ်မှသာ Brokeback Mountain ဆိုတဲ့ရုပ်ရှင်က ထိုးဖောက်နိုင်ခဲ့တာ။ အဲဒီရုပ်ရှင်က Oscar တောင်ရခဲ့တယ်လေ။ အဲဒီကတည်းကစပြီးတော့ ဒီအကြောင်းအရာက လူ့အဖွဲ့အစည်းမှာ လုံးဝကို စံသတ်မှတ်ချက်တစ်ခုဖြစ်လာခဲ့တာ။ အထူးသဖြင့် အဲဒီရုပ်ရှင်ကို လိင်ကွဲစိတ်ဝင်စားတဲနာမည်ကြီးဒါရိုက်တာကရိုက်ကူးခဲ့တာဆိုတဲ့အချက်ကြောင့်ပေါ့။ အခုချိန်မှာတော့ အနောက်တိုင်းလူမှုအသိုင်းအဝိုင်းတွေမှာ Queer Cinema ကခေတ်ရေစီးကြောင်းလိုမျိုးဖြစ်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် Netflix လိုမျိုး ရုပ်ရှင်ထုတ်လွှင့်တဲ့ဝန်ဆောင်မှုတွေက ဒီလိုရုပ်ရှင်အမျိုးအစားကို နှစ်ခါပြန်မစဉ်းစားဘဲထုတ်လွှင့်ပေးနေကြပြီလေ။ rbb လိုမျိုး အများပြည်သူပိုင်ချန်နယ်မှာတောင် queer ရုပ်ရှင်တွေကို ပုံမှန်လိုလိုမြင်ရတတ်တယ်။ ဒါက တော်တော်လေးဆန်းသစ်တဲ့ကိစ္စပါပဲ။ (၁၉၈၅) ခုနှစ်တုန်းက Berlinale မှာ Elfi Mikesch နဲ့ ကျွန်မတို့ရိုက်ကူးထားတဲ့ Verführung: Die grausame Frau (Seduction: The Cruel Woman) ရုပ်ရှင်ကိုပြတုန်းက ကျွန်မတို့က အဲဒီအတွက် အရမ်းကြီးရေပန်းမစားသေးဘူး။ ကျွန်မတို့တွေအနေနဲ့ ဖိနှိပ်ခံရတဲ့လူအနည်းစုအဖြစ် ကောင်းကောင်းမွန်မွန်ကာကွယ်ပြောဆိုခဲ့ရတယ်။ ပြီးခဲ့တဲ့ (၃၅) နှစ်အတွင်းမှာတော့ ကိစ္စတွေကတော်တော်လေးပြောင်းလဲသွားကြပါပြီ။
တကယ်လို့သာ တံခါးအားလုံးကိုဖွင့်ထားမယ်ဆိုရင် Queer Cinema အနေနဲ့ ဘယ်လိုမျိုးလုပ်ပိုင်ခွင့်တွေရဖို့မျှော်လင့်ပါသလဲ။
မေးခွန်းကောင်းပဲ။ ဒီနိုင်ငံမှာဆိုရင် သည်းခံမှုတွေ၊ အလျှော့ပေးမှုတွေနဲ့ နားလည်ပေးမှုတွေအများကြီးရှိပါတယ်။ ကျွန်မတို့တွေက အတွေးခေါ်သစ်တွေကိုလက်ခံတဲ့အခွင့်အလမ်းတွေရှိတဲ့ ဒီလိုနေရာမှာ ဇိမ်ကျကျနေနေကြရတာပါ။ ဒါပေမဲ့ queer လှုပ်ရှားမှုကို နိုင်ငံတကာကအာရုံစိုက်နေကြပါတယ်။ လူ့အဖွဲ့အစည်းကလည်း LGBTQI+ လူတွေက ဘယ်နေရာမှာနှိပ်ကွပ်ခံနေရသလဲ၊ ဘယ်နေရာမှာရန်တုံ့ပြန်မှုတွေကိုကြုံတွေ့နေရလဲဆိုတာကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။ Berlinale မှာလည်း ဒါမျိုးတွေကိုစောင့်ကြည့်နေကြတာပါ။ သက်ရောက်မှုရှိတဲ့နိုင်ငံတွေရဲ့ရုပ်ရှင်ရိုက်ကူးသူတွေကိုလည်းအားပေးလာကြတယ်။ ဥပမာ ဒီနှစ်မှာဆိုရင် Lebanon က queer ရုပ်ရှင်တစ်ကားရှိခဲ့တယ်လေ။
Elfi Mikesch နှင့် Monika Treut ၏ “Verführung: Die grausame Frau” (Seduction: The Cruel Woman) ကို (၁၉၈၅) ခုနှစ် Berlinale တွင်ပြသခဲ့သည်။
| ဓါတ်ပုံ။ ။ © Edition Salzgeber