tanzhaus nrw ပြဇာတ်ရုံ
ဝင်ပေါက်များစွာနှင့် အိမ်တစ်လုံး

Bettina Masuch;
Bettina Masuch; | Foto (Ausschnitt): Joerg Letz

၁၉၉၈ ခုနှစ်ကတည်းက tanzhaus nrw (North Rhine-Westphalia) သည် ဂျာမနီနိုင်ငံ၏တစ်ခုတည်းသော ကပြတင်ဆက်ရာနေရာ၊ အကသင်ကြားရေးနှင့် တိုးတက်ပြန့်ပွားရေးအတွက် ထုတ်လုပ်မှုဗဟိုဌာနဖြစ်ပြီး၊ မျိုးဆက်အားလုံးတို့မှ အပျော်တမ်းဝါသနာရှင်များအတွက် Tanz-Akademie နှင့် ထိုဒေသနှင့်တစ်ကမ္ဘာလုံးမှ အနုပညာရှင်များအတွက် လေ့ကျင့်သင်ကြားရာဌာနများဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလကတည်းက ညွှန်ကြားရေးမှူး Bettina Masuch နှင့် တွေ့ဆုံဆွေးနွေးခြင်း။

Frau Masuch - ရှင်က ပြဇာတ်ဘာသာရပ်ကို တက္ကသိုလ်မှာ သင်ယူခဲ့တယ်။ ရှင်က ပြဇာတ်ရေးဆရာမ၊ ကျူရေတာ (ပြခန်းတာဝန်ခံ) နဲ့ ပွဲတော်စီစဉ်ညွှန်ကြားသူအနေနဲ့ အခုအထိအလုပ်လုပ်လာတာ။ အကနဲ့ ရှင် ဘယ်လိုလုပ်ပြီး ပတ်သက်လာခဲ့တာလဲ။

ကျွန်မရဲ့ဇာတိက Wuppertal မြို့နားက Solingen မြို့ကပါ။ ကျွန်မက Tanztheater Wuppertal Pina Bausch ရဲ့ ကပြတင်ဆက်မှုတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီကနေ အနုပညာကို မြင်တတ်လာတယ်။ အနုပညာဆိုတာ တက်ကြွရမယ်။ ဝင်ပါရမယ်။ ကျွန်မတို့ခေတ်ရဲ့ ပြဿနာ ရပ်တွေ၊ အဖြစ်အပျက်တွေ၊ အခြေအနေတွေကို သတိရှိနေရမယ် ဆိုတာတွေကို သိခဲ့ပါတယ်။

North Rhine-Westphalia ပြည်နယ်က သူ့ကိုယ်သူ “အကနယ်မြေ” လို့ ဖော်ကျူးရတာကို သဘောကျတယ်။ တကယ်တမ်းတော့ ဒီပြည်နယ်မှာ အဖွဲ့အစည်းတွေ၊ အနုပညာရှင်တွေ သိပ်သိပ်သည်းသည်းရှိနေတာ တကယ်ထူးခြားတယ်။ ပြည်နယ်ရဲ့ မြို့တော် Düsseldorf မှာ Martin Schläpferရဲ့အရည်အသွေးမြင့်ပြီး ဂန္ထဝင်ဘက်ကိုယိမ်းတဲ့ Ballett am Rhein ကုမ္ပဏီ၊  the Forum Freies Theater၊ အလွတ်တန်းအနုပညာရှင်တွေနဲ့ နှိုင်းယှဉ်ပြီး tanzhaus nrw ရဲ့ အနေအထားကို ရှင်ဘယ်လို မြင်သလဲ။

ဒီကမြင်ကွင်းကို ပူးပေါင်းဆောင်ရွက်မှု၊ တွဲဖက်လုပ်ဆောင်မှုမြင့်မားတဲ့ဒီဂရီတစ်ရပ်ဖြင့် အမှတ်လက္ခဏာ သွင်ပြင်ဆောင်ထားပါတယ်။ ပူးပေါင်းဆောင်ရွက်မှုက အမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ကိုယ်စီမှာ ကိုယ့်ဦးစားပေးအလုပ်နဲ့ ကိုယ်ရှိကြပါတယ်။ tanzhaus nrw က မိတ်ဖက်အဖွဲ့တွေအားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်ရာမှာ သူတို့ရဲ့အနုပညာအဆင့်ကို ကျွန်မတို့ လက်ခံယုံကြည်တဲ့ ဒီဒေသက အလွတ်တန်းကကွက်စီစဉ်ဖန်တီးမှုအတတ်ပညာရှင်တွေကို အထောက်အကူပေးပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာက အနုပညာလတ်တလောအခြေအနေကိုလည်း ကျွန်မတို့ တင်ဆက်ပေးတယ်။ အနုပညာကို ခေတ်ပြိုင်ပုံသဏ္ဌာန်တွေနဲ့ ရောင်ပြန်ဟပ်ပြတယ်။

  • သူ့ကိုယ်ခန္ဓာများကို ရှာဖွေနေသော မြို့တစ်မြို့ - Alexandra Waierstall & HAUSCHKA Foto: Katja Illner
    သူ့ကိုယ်ခန္ဓာများကို ရှာဖွေနေသော မြို့တစ်မြို့ - Alexandra Waierstall & HAUSCHKA
  • ပျော်ပွဲရွှင်ပွဲ – Jérôme Bel Foto: Andreas Endermann
    ပျော်ပွဲရွှင်ပွဲ – Jérôme Bel
  • သံပြိုင်/ကပြတင်ဆက်မှုစီးရီး Groove Space – Sebastian Matthias Foto: Katja Illner
    သံပြိုင်/ကပြတင်ဆက်မှုစီးရီး Groove Space – Sebastian Matthias
  • အများပြည်သူအတွက်ပွဲ/tanzhaus nrw ကဇာတ်ရုံ– ... သင်တန်းအပတ်စဉ်မစခင် Foto: Katja Illner
    အများပြည်သူအတွက်ပွဲ/tanzhaus nrw ကဇာတ်ရုံ– ... သင်တန်းအပတ်စဉ်မစခင်
ဒါဆို ရှင်တို့က အကနဲ့ လူ့အဖွဲ့အစည်းရဲ့ ဘက်စုံဒေါင့်စုံဖြစ်ဖို့ ဦးတည်လုပ်ဆောင်နေတာလား။

မှန်ပါတယ်။ အက ကိုယ်၌ကိုက အနုစိပ်အနုပညာ၊ ဂီတ၊ ကပြတင်ဆက်ခြင်းအနုပညာတွေနဲ့ များစွာသော အလွှာခြင်းရောထပ်နေတဲ့ စုပေါင်းစပ်ပေါင်း အနုပညာတစ်ရပ်ပါ။ ဆက်စပ်မှု(သက်ဆိုင်မှု) ဆိုတဲ့ မေးခွန်းက ကျွန်မတို့အတွက် အရမ်းကိုအရေးကြီးပါတယ်။ ဆိုပါစို့- မျိုးကွဲစုံလင်တဲ့ ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်းမှာ မိတ်သဟာဖြစ်မှုကို ကျွန်မတို့ ဘယ်လိုတည်ဆောက်နိုင်မလဲ။ ၂၁ ရာစုမှာ လူသားခန္ဓာကိုယ်ရဲ့ ထူးကဲမှုဘယ်လိုရှိလဲ၊ ခန္ဓာကိုယ်ရဲ့ ဖြစ်နိုင်ခြေတွေက ဘယ်လိုတွေပြောင်းလဲနေလဲဆိုတာကို ကျွန်မတို့ ခန့်မှန်းနိုင်ဖို့လည်း အရေးကြီးတယ်။ ဒီပြန်ပြောင်းဆင်ခြင်သုံးသပ်မှုတွေက ဒီနေရာမှာ ထုတ်လုပ်တဲ့ အနုပညာသည်တွေရဲ့ လက်ရာကိုလည်း လွှမ်းမိုးတယ်။ လူမှုရေးရာအဆက်အစပ်ရှိတဲ့ အကြောင်းအရာတွေကိုပဲ ကျွန်မတို့က ရွေးချယ်ပါတယ်။


ဒါပေမဲ့ အပျော်တမ်းအနုပညာရှင်တွေကို သင်တန်းတွေ အများကြီးပေးနေတော့ ရှင်တို့က အဆင့်အမျိုးအမျိုးကို စီမံခန့်ခွဲလုပ်ဆောင်ပေးနေတာပဲ။

မှန်ပါတယ်။ ဒါကြောင့်လည်း လူအများကြီး ဒီနေရာကိုလာကြတာပါ။ အချို့က အကကို သင်ယူချင်တယ်။ အချို့ကျပြန်တော့ သူတို့ကိုယ်ပိုင်အကကို ပြသချင်ကြတယ်။ အချို့ကတော့ အကကို ကြည့်ချင်ရုံသက်သက်ပဲ။ ကျွန်မတို့က နေရာအခင်းအကျင်းကို ပေးချင်တယ်။ တစ်ပြိုင်နက်တည်း အနုပညာရှင်တွေကိုရော၊ အနာဂတ်မှာ ပိုပြီးကြီးမားတဲ့ ဖြစ်နိုင်ခြေတွေကိုရောပေးဖို့ ဆုံမှတ်တွေ အများကြီးပဲရှိပါတယ်။ သင်တန်းမှာရှိတဲ့ သင်တန်းသူ၊ သင်တန်းသားတွေက လူ့အဖွဲ့အစည်းရဲ့အလွှာအားလုံးကနေ လာကြတာပါ။ နေရာဒေသအမျိုးမျိုး၊ အသက်အရွယ်အုပ်စုအမျိုးမျိုး၊ ဘဲလေးအကမယ်လေးကနေ ဟစ်ဟော့ပ်ဝါသနာအိုး၊ နောက်ပြီး ပါကင်ဆန်ရောဂါဝေဒနာခံစားနေရတဲ့ အသက်အရွယ်ကြီး အမျိုးသမီးကြီးတွေအထိပါ။

သင်တန်းသူသင်တန်းသားတွေနဲ့ ဧည့်အနုပညာရှင်တွေကြားမှာ ဆက်နွယ်မှုတွေရှိပါသလား။

ရှိတာပေါ့။ အနုပညာရှင်တွေက သင်တန်းသူ၊ သင်တန်းသားတွေနဲ့ ထိစပ်ချင်တယ်။ ဧည့်အနုပညာရှင်တွေရဲ့ တင်ဆက်ပွဲတွေကိုလည်း သင်တန်းသားအများစုကသွားကြတယ်။ ဒါမှမဟုတ် တစ်ခါက နှစ်နှစ်လောက် ဒီမှာအလုပ်လုပ်တဲ့ ကျွန်မတို့ Factory Artists တွေနဲ့ စကားဖောင်ဖွဲ့ကြတယ်။ Frankfurt တက္ကသိုလ်မှာ အကသင်ကြားရေးမာစတာသင်တန်းနဲ့ ပူးတွဲပြီးလုပ်ခဲ့တဲ့ Physical Introduction (ရုပ်ပိုင်းဆိုင်ရာနိဒါန်း) လို သင်ရိုးပုံစံမျိုးက လက်ရှိမှာအရမ်းကိုအောင်မြင်ပါတယ်။ အဲဒီမှာ ပွဲကြည့်သူက ဧည့်အနုပညာရှင်ရဲ့ လတ်တလောတင်ဆက်မှုကနေ ဇာတ်ကွက်ကို လေ့လာသင်ယူနိုင်တယ်။ အကကို ရုပ်ပိုင်းအရ တကယ်တမ်းထိတွေ့နားလည်ဖူးလိုက်တာနဲ့ အကပေါ်မှာမြင်ထားတဲ့ ရှင့်ရဲ့အမြင်က ပြောင်းလဲသွားတာပဲ။

tanzhaus nrw တင်ဆက်ကပြမှုဇာတ်ရုံဟာ နိုင်ငံသားတစ်ဦးရဲ့ စိတ်ကူးထဲကနေထွက်ပေါ်လာတဲ့ လူမှု-ယဉ်ကျေးမှုဌာနအဖြစ် စတင်ခဲ့တယ်။ ၁၉၈၈ ခုနှစ်မှာ ဇာတ်ရုံဟာ မြူနီစပယ်ကထောက်ပံ့တဲ့ tanzhaus nrw အဖြစ်တိုးတက်ပြောင်းလဲလာပြီး ပြောင်းလဲထားတဲ့ ဓာတ်ရထားဝင်းနေရာမှာ တည်ရှိခဲ့တယ်။ North Rhine-Westphalia ပြည်နယ်က ဒီတင်ဆက်ကပြမှုဇာတ်ရုံကို ငွေကြေးထောက်ပံ့ ပေးထားတယ်။ ဒီနေ့ခေတ်မှာရော အခြေအနေတွေက ဘယ်လိုမျိုးရှိပါသလဲ။
 

ကျွန်မတို့က ဝင်ပေါက်တွေအများကြီးရှိတဲ့ အိမ်တစ်လုံးပါ။ တကယ့်တကယ်ဆို ချုပ်ရိုးတွေကနေ ပြုတ်ပျက်ထွက်နေပါပြီ။ ကိုယ်ဖာ့သာကိုယ်ရှာဖွေထားတဲ့ ကျွန်မတို့ဘတ်ဂျက်ရဲ့ ကြီးမားတဲ့အစိတ်အပိုင်းက ဒီလိုနယ်ပယ်ကျယ်ကျယ်ကို စီမံလုပ်ဆောင်ဖို့ ကျွန်မတို့ကို ထောက်ပံ့ဖြစ်နိုင်စေတာပါ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ကန့်သတ်မှုဆီကိုရောက်နေတာ အချိန်အတော်ကြာနေပါပြီ။

tanzhaus nrw  ကဇာတ်ရုံဟာလည်း Dresden မြို့မှာရှိတဲ့ European Centre for the Artsနဲ့  Hamburg မြို့ရဲ့ ယဉ်ကျေးမှုဌာန Kampnagel ပြဇာတ်ရုံမှာရှိတဲ့ k3 တို့လို European Dancehouse Network (EDN)မှာ ပါဝင်နေတာလား။ ဥပမာ- French Centres Chorégraphiques တွေနဲ့ ဘယ်လိုတွေခြားနားသလဲ။

အထူးသဖြင့်တော့ ပြင်သစ်ဌာနတွေကို တကိုယ်ရေကကွက်စီစဉ်တင်ဆက်သူပညာရှင်တစ်ဉီးတည်းက အနုပညာအရညွှန်ကြားတာပါ။ ဥပမာပြောရရင် အဲဒီဌာနတွေက ရပ်ရွာအသိုင်းအဝိုင်းနဲ့ဆိုင်တဲ့ဌာနတွေဖြစ်ပြီး tanzhaus nrw ကဇာတ်ရုံထက် ဖောဖောသီသီ ငွေကြေးအထောက်အပံ့ပိုရထားတာပါ။ လန်ဒန်မြို့မှာရှိတဲ့ The Place လို၊ ဘာစီလိုနာမြို့မှာရှိတဲ့ Mercat de les Flors လို တကယ့်အကရုံအကြီးကြီးတွေက ဥရောပအကရုံတွေနဲ့မတူပဲအလွတ်တန်းကကွက်စီစဉ်တင်ဆက်သူပညာရှင်တွေအတွက် ခေတ်ပြိုင်ထုတ်လုပ်မှုအခြေအနေတွေကို ပံ့ပိုးပေးရုံသာမကပဲ လတ်တလောဖော်ထုတ်တင်ပြတဲ့ ပုံစံအမျိုးမျိုးနဲ့ လူမှုဖြစ်ရပ်အစစ်အမှန်အမျိုးမျိုးကိုလည်း လုပ်ကိုင်ဆောင်ရွက်ပေးပါတယ်။

၂၀၁၆ ခုနှစ်မေလမှာ ရှင်က ရှင့်ရဲ့စာချုပ်ကို ၂၀၂၀ ခုနှစ် အထိ ထပ်တိုးလိုက်တယ်။ ကုန်သွယ်ရေးဂျာနယ် tanz က ရှင့်ကို ဂျာမနီနိုင်ငံက အကပညာအတွက် “မျှော်လင့်ချက်ရောင်ခြည်” ဆိုပြီး ခေါ်ထားတယ်။ ရှင့်ရဲ့ ရည်မှန်းချက်က ဘာလဲ။ 

နိုင်ငံရေးအရအကဲဆတ်တဲ့အခြေအနေတွေ အမြင်နဲ့ရော၊ ငွေရေးကြေးရေးရှုထောင့်ကရော ပြောရရင်ရည်မှန်းချက်တစ်ခုကတော့ လက်ရှိအနေအထားအတိုင်း အလုပ်ဖြစ်နိုင်ခြေတွေကို အနည်းဆုံးတော့ ထိန်းကိုထိန်းထားနိုင်ရမယ်။ tanzhaus nrw ကဇာတ်ရုံဟာ Opernhaus and the Schauspielhaus ပြဇာတ်ရုံတွေလို တူညီတဲ့ပမာဏနဲ့ ငွေကြေးထောက်ပံ့ခံရဖို့ ကျွန်မမျှော်လင့်တယ်။ ဒါမှလည်း ကျွန်မတို့က အလွတ်တန်း အကအနုပညာရှင်တွေကို သင့်လျော်တဲ့ အလုပ်အခြေအနေတွေကို ပံ့ပိုးပေးနိုင်မှာပါ။