Johann Wolfgang von Goethe
သိချင်စိတ်ပြင်းပြမှု၊ ဘဝအပေါ်ခုံမင်မှုတို့၏မောင်းနှင်အားဖြင့်

သိချင်စိတ်ပြင်းပြမှု၊ ဘဝအပေါ်ခုံမင်မှုတို့၏ မောင်းနှင်အားဖြင့် Johann Wolfgang von Goethe ၏လက်ရာများသည် ကျယ်ပြောလှသောအကြောင်းအရာစုံအတွက် အကြုံးဝင်သည်။
သိချင်စိတ်ပြင်းပြမှု၊ ဘဝအပေါ်ခုံမင်မှုတို့၏ မောင်းနှင်အားဖြင့် Johann Wolfgang von Goethe ၏လက်ရာများသည် ကျယ်ပြောလှသောအကြောင်းအရာစုံအတွက် အကြုံးဝင်သည်။ | ဓါတ်ပုံ။ ။ © picture alliance/akg-images

သူသည် ကဗျာဆရာတစ်ယောက်ဖြစ်သလို ရှေ့နေတစ်ယောက်ဖြစ်သည်။ ပြဇာတ်ဒါရိုက်တာတစ်ယောက်ဖြစ်သလို သဘာဝလောကပညာရှင်တစ်ယောက်လည်းဖြစ်ပြီး၊ နိုင်ငံရေးသမားလည်းဖြစ်သလို ခရီးသွားတစ်ယောက်လည်းဖြစ်ချေသည် - Johann Wolfgang von Goethe သည် စွယ်စုံရပညာရှင်တစ်ဦးဖြစ်ပြီး သူစိတ်ဝင်စားရာနယ်ပယ်များမှာ အလွန်ကျယ်ကျယ်ပြန့်ပြန့်ကွဲပြားစုံလင်လှသည်။ သူ၏ရည်ရွယ်ချက်မှာ အမြဲတမ်းဘာမဆို ဘဝမှာအကောင်းဆုံးလုပ်ဖို့ပင်။
 

ယနေ့အချိန်ထိ ကျွမ်းကျင်သူများက Johann Wolfgang von Goethe ကို အကြွင်းမဲ့ပါရမီရှင်အဖြစ်သမုတ်ကြသည်။ သူစိတ်ဝင်စားရာနယ်ပယ်များနှင့်စိတ်အားထက်သန်ရာများ၏ ကွဲပြားကျယ်ပြန့်လှပုံ၊ ချန်ရစ်ခဲ့သည့်အလျှံပယ်‌သော သူ၏အနုပညာလက်ရာများ၊ ‌နောက်ပြီး သူ၏နိုင်ငံရေးနှင့်သိပ္ပံဆိုင်ရာလုပ်ဆောင်ချက်များ - ထိုအရာအားလုံးတို့ကို ပြုလုပ်ထားရစ်ခဲ့ရန်ဆိုသည်မှာ ပုံမှန်အားဖြင့် လူသားတစ်ယောက်၏တစ်ဘဝတည်းအတွက် များပြားသည်ထက်ပင်ပိုလွန်လွန်းလှသည်။ (၁၇၄၉) ခုနှစ်တွင် Frankfurt မြို့၌ဖွားမြင်ကာ ဥပဒေပညာရပ်ကိုလေ့လာခဲ့ပြီး အသက် (၃၀) အရွယ်တွင်ပင် Weimar တရားရုံး၌ အောင်မြင်သောနိုင်ငံရေးသမားဘဝကို စတင်‌နေနိုင်ခဲ့ပြီဖြစ်သည်။ ဘုရင်ခံ Duke Carl August ၏အကြံပေးနှင့်လူယုံတော်ဖြစ်လာသည်သာမက မကြာမီပင် သီးသန့်ကောင်စီဝင်ရာထူးကိုခန့်အပ်ခံခဲ့ရသည့်အပြင် သတ္တုတူးဖော်ရေး၊ လမ်းဆောက်‌လုပ်ရေးနှင့်စစ်ရေးကဏ္ဍများတွင်လည်း အကြီးအကဲအဖြစ်တာဝန်ပေးခြင်းခံရသည်။ တရားခွင်နိုင်ငံရေးသမားတစ်ယောက်အနေနှင့် ပြုပြင်ပြောင်းလဲမှုအများအပြားကို စတင်ဆောင်ရွက်ခဲ့သည်။ ငွေနှင့်ကြေးနီတူးဖော်မှုများကို အားပေးအားမြှောက်ပြုခဲ့သည်။ လမ်းများပြန်လည်ပြုပြင်ခင်းကျင်းခြင်းကို ဦးဆောင်ဦးရွက်ပြုလှုံဆော်ခဲ့ပြီး မြို့စားပိုင်ဘဏ္ဍာများကိုစနစ်တကျဖြစ်စေခဲ့သည်။

နာမည်ဆိုးနဲ့ကျော်ကြားသည့်စာရေးဆရာ၊ ခံစားချက်အဆို့ရှင်ကိုပွင့်အန်လာစေသူ

ငယ်ရွယ်စဉ်ကပင် Goethe သည် အသိမှတ်ပြုဖွယ်နိင်ငံရေးအလုပ်အကိုင်ရှိခဲ့ပြီးဖြစ်သည်။ ငယ်ရွယ်စဉ်ကပင် Goethe သည် အသိမှတ်ပြုဖွယ်နိင်ငံရေးအလုပ်အကိုင်ရှိခဲ့ပြီးဖြစ်သည်။ | ဓါတ်ပုံ။ ။ © picture alliance/ullstein bild/Gircke ထိုစဉ်က Goethe သည် ယနေ့စကားနှင့်ပြောရလျှင် ရောင်းအားအကောင်းဆုံး စာရေးဆရာတစ်ယောက်ဖြစ်သည်။ သူ၏ပထမဆုံးဝတ္ထုဖြစ်သော Die Leiden des jungen Werther (The Sorrows of Young Werther) သည် (၁၇၇၄) ခုနှစ်တွင်ထွက်ရှိလာခဲ့သည်။ ယင်းဝတ္ထုကိုရက်သတ္တပတ်အနည်းငယ်အတွင်းရေးသားပြီးစီးခဲ့ပြီး မိမိကိုယ်ကိုယ်ကုစားခြင်းတစ်မျိုးဖြစ်သည်ဟု နောင်တွင်သူက ဝန်ခံခဲ့သည်။ "ထိုသို့ရေးဖွဲ့မှု”က “သူ့ကိုယ်သူ မိုးသက်လေထန်သောကျဉ်းထဲကျပ်ထဲအခြေအနေများမှ ကယ်တင်နိုင်အောင်" ကူညီပေးခဲ့သည်ဟု သူက သူ၏ကိုယ်တိုင်ရေးအတ္ထုပ္ပတိစာအုပ်ဖြစ်သော Dichtung und Wahrheit (Poetry and Truth) ထဲတွင် ရေးသားထားသည်။ Goethe က မိမိ၏ကိုယ်ပိုင်အတွေ့အကြုံများကို စိတ်ကူးကွန့်မြူးမှုများနှင့်ပေါင်းစပ်ကာ စိတ်ထိခိုက်ဖွယ် စကားအသုံးအနှုန်းတို့ဖြင့်ရေးသားထားသော ထိုပေးစာရေးဟန်ဝတ္ထုတိုသည် ဥရောပတစ်ကြောလုံးရှိစာဖတ်သူများကို ကိုင်လှုပ်ပစ်လိုက်သည်။ ထောင်ပေါင်းများစွာသောလူငယ်များက Goethe ၏ဝတ္ထုထဲမှာ အဓိကဇာတ်ဆောင် Werther ကဲ့သို့ စတင်ဝတ်စားဆင်ယင်လာကြပြီး အချစ်နာကျနေသောလူအများအပြားကလည်း တစ်ဖတ်သတ်အချစ်အပေါ် အရူးအမူးဖြစ်ကာ ဝမ်းနည်းဖွယ်ရာဇာတ်သိမ်းမကောင်းခဲ့သောဇာတ်ဆောင်ကိုတုပပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားကြသည်။ ယနေ့ထိတိုင် မီဒီယာ၏စေ့ဆော်မှုကြောင့် မိမိကိုယ်ကိုယ်အဆုံးစီရင်ခြင်းကို Werther အကျိုးဆက် (Werther effect) ဟု စိတ်ပညာတွင်ခေါ်ဆိုကြသည်။ Goethe က လူတိုင်းကိုအနာပေါ်တုတ်ကျသလိုဖြစ်စေကာ၊ မီဒီယာဆိုင်ရာပါမောက္ခ Holger Noltze ခေါ်သည့်အတိုင်းပြောရလျှင် လူများ၏ "ခံစားချက်အဆို့ရှင်" ကိုပွင့်အန်ထွက်ကျလာစေခဲ့သည်။

"Werther" ၏နောက်တွင် တခြားသောထုတ်ဝေမှုများစွာဆက်လိုက်လာခဲ့သည်။ Goethe ဆယ်ကျော်သက်ဘဝက သူ၏ Frankfurt မှနေအိမ်တွင်စတင်ရေးသားခဲ့သည့် Faust ကဲ့သို့သော ပြဇာတ်များ၊ သို့မဟုတ် Iphigenie auf Tauris (Iphigenie in Tauris) ကဲ့သို့သော ပြဇာတ်များ၊ Wilhelm Meisters Lehrjahre (Wilhelm Meister’s Apprenticeship) ကဲ့သို့သော အခြားဝတ္ထုများအပြင် ခရီးသွားမှတ်တမ်းနှင့်ကဗျာများဖြစ်သည်။ Goethe ၏လူအသိအများဆုံး ရေးသားစပ်ဆိုထားသောခံစားချက်ကဗျာလက်ရာများတွင် ဥပမာအားဖြင့် Über allen Wipfeln ist Ruh (O’er All the Hilltops is Quiet)၊ An den Mond (To the Moon) နှင့် the Erlkönig (The Elf King) တို့ပါဝင်သည်။

မျက်မှောက်အနုပညာမြင်ကွင်းအတွက်တွေ့ဆုံစုဝေးကြရာနေရာ

ထို‌အချိန်ကမော်ဒန်အာရုံခံစားသိအရ အနုပညာရှင်များက  အနုပညာကို၎င်းတို့၏အတွင်းထဲမှထုတ်ယူဖန်တီးခြင်းရသည်ဟူသော အယူအဆသစ်တစ်ခုအပေါ်တွင် အ‌ခြေတည်လက္ခဏာဆောင်ထားသောခေတ်ဖြစ်သည့် "Sturm und Drang" (Storm and Stress) စာပေလှုပ်ရှားမှုကာလတွင် Goethe ၏လက်ရာများမှာ မြင်ကွင်းသို့စတင်ဝင်ရောက်လာခြင်းဖြစ်သည်။ သူတို့က ဘာကိုမှမတုပတော့ပဲ လွတ်လွတ်လပ်လပ်ဖြစ်လာသည့် ဖြစ်ပေါ်ဖွံ့ဖြိုးတိုးတက်မှုအသစ်အောက်တွင် ပကတိအတိုင်းစစ်မှန်စွာနှင့်ကိုယ်ပိုင်လုပ်ပိုင်ခွင့်ရှိရှိ လုပ်ကိုင်ကြသည်။ Goethe ၏မိတ်ဆွေ အပေါင်းအဖော်များတွင် က‌ဗျာဆရာ Johann Gottfried Herder တို့ပါဝင်သလို အစက မနာလိုမရှုစိမ့်သောမျက်လုံးများဖြင့် ကြည့်ရှုခဲ့ကြမိပြီးနောက် ရှေးမနှောင်းတွင် Goethe နှင့်သူငယ်ချင်းဖြစ်လာသော ပြဇာတ်ရေးဆရာ Friedrich Schiller တို့ပါဝင်သည်။ သူတို့နှစ်ဦးက စိတ်ကူးများကိုဖလှယ်ကြရုံသာမက တစ်ယောက်လက်ရာတစ်ယောက်လည်း နှိုးဆော်ပေးကြပြီး ပြဇာတ်ကဏ္ဍကိုပြန်လည်သစ်လွင်စေရန်လည်းဆွေးနွေးကြကာ Xenien အမည်ရ ကိုယ်ပိုင်သရော်စာများကိုလည်း အတူတူထုတ်ကြသည် - စာရေးဆရာနှစ်ဦးစလုံးက စာပေလုပ်ငန်းမှာအင်မတန် ရွက်ကြမ်းရေကျိုဆန်နေသည်၊ ၎င်းတို့၏ခေတ်ပြိုင်များကိုလည်းဓနရှင်သိပ်ဆန်သည်ဟု မြင်ကြသည်။ ထို့ကြောင့် အန္တရာယ်ရှိသောကျမ်းပိုဒ်များကို ခေတ်ဟောင်းပုံစံဖြင့်ရေးသည့် ကိုယ့်စိတ်တူကိုယ်တူအသိုက်အမြုံဆီသို့သာ ပြန်သွားရန်ဆုံးဖြတ်ခဲ့ကြသည်။

ဒါက စိတ်ကြီးဝင်အထက်စီးဆန်တတ်သော ဉာဉ်ရှိခြင်း၏လက္ခဏာတစ်ရပ်ဖြစ်သည်ဆိုဖွယ်ရာရှိပြီး တကယ်တမ်းတွင်လည်း Goethe သည် အတ္တသမားဆန်ခြင်း၊ ထောင်လွှားမောက်မာခြင်းနှင့် ထိုအထက်စီးဆန်စိတ်ကြီးဝင်တတ်သောအမူအကျင့်များ ပိုင်ဆိုင်ထားသည်ဟု လူပြောများကြသည်။ Schiller ကပင်လျှင် ၎င်းတို့ စတင်သိကျွမ်းချိန်က Goethe ကို "မူမမှန်သည့် အတိုင်းအတာတစ်ခုလောက်အထိ တစ်ကိုယ်ကောင်းသမားတစ်ယောက်ဖြစ်သည်" ဟု (သူ၏အယ်ဒီတာဆီပို့သော စာတစ်စောင်ထဲတွင်) ဖော်ပြခဲ့ဖူးသည်။ သို့ပေမဲ့လည်း Goethe သည် လူမှုဆက်ဆံရေးကောင်းမွန်ပြီး သက်ဆိုင်ရာနယ်ပယ်နှင့်လူ့အသိုင်းအဝိုင်းကိုတိုးတက်ရင့်သန်အောင်ပြုစုပျိုးထောင်ခဲ့သော တန်ဖိုးရှိသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု အပြောခံရသူလည်းဖြစ်သည်။ အနုပညာရှင်များ၊ တော်ဝင်မိသားစုများနှင့် ပညာတတ်များသည် သူ့အိမ် the Weimar Haus am Frauenplan တွင် သူစီစဉ်ကျင်းပလေ့ရှိသောပွဲများကို ပုံမှန်တက်ရောက်တတ်ကြပြီး ထိုအချိန်က ငယ်ရွယ်ပြီးလူသိမများသေးသော Heinrich Heine ကဲ့သို့သော ကဗျာဆရာပေါက်စလေးများကလည်းလာလေ့ရှိကြပါသည်။ Goethe သည် အမျိုးသမီးအသိအကျွမ်းနှင့် ချစ်သူများအများအပြားရှိခြင်းတွင်လည်း နာမည်ကြီးသည်။ ထိုချစ်သူတို့တွင် Charlotte von Stein မှာ Goethe တဏှာစိတ်မပါဘဲ အဖြူထည်သက်သက် မေတ္တာသက်ဝင်သူဖြစ်သည်ဟုပြောကြပြီး မြို့စားကတော် Anna Amalia မှာတော့ သူ၏လုံးသားအားကိုင်ဆုပ်နိုင်သူအမျိူသမီးဖြစ်သည်ဟု ဆိုကြသည်။ Goethe သည် Weimar မှ Christiane Vulpius နှင့်အတူ (၁၈၀၆) ခုနှစ်တွင်သူတို့လက်မထပ်ခင်အချိန်ထိ (၁၈) နှစ်ကြာ အတူနေထိုင်ခဲ့ကြသည်။ ထိုအချိန်တွင် သူတို့၏သားဖြစ်သူ August မှာ (၁၇) နှစ် ရှိနေနှင့်ပြီးဖြစ်သည်။

က - ကောင်းကင်မိုးပြာရောင်မှသည် အ - အားထုတ်လုံ့လပြုခဲ့သည့်အတွက်အပေါ်မေးရိုးကို ရှာဖွေတွေ့ရှိခဲ့ခြင်းအထိ

Goethe အရောင်သီအိုရီမှ ပုံပြတင်ပြချက်တစ်ခု။ Goethe အရောင်သီအိုရီမှ ပုံပြတင်ပြချက်တစ်ခု။ | ဓါတ်ပုံ။ ။ © picture alliance/akg-images Goethe သည် နိုင်ငံရေးနှင့်ကဗျာထက်ကိုကျော်လွန်သည့်တခြားစိတ်ဝင်စားရာ နယ်ပယ်များစွာလည်းရှိသေးသည်။ သူက သိပ္ပံကိုလည်းအာရုံကျသေးရာ၊ ဥပမာအားဖြင့် Jena University ၏ Anatomical Institute တွင် လူ့ခန္ဓာကိုယ်ကိုသုတေသနပြုလုပ်ရင်း အပေါ်ရှေ့မေးရိုးဟုခေါ်ဆိုကြသည့် လူ့အာခေါင်ပေါ်ကစပ်ကြောင်းချုပ်ရိုးကို ရှာဖွေတွေ့ရှိခဲ့သည်။ အရောင်များဖန်တီးခြင်းကလည်း သူ့ကိုဆွဲဆောင်ပါသည်။ သူ့ကိုယ်ပိုင်အရောင်သီအိုရီတစ်ခုတည်ဆောက်ပြီး နယူတန်၏နိယာမကို ငြင်းပယ်ဖို့ကြိုးစားခဲ့ဖူးသည် (အောင်တော့မအောင်မြင်ခဲ့ချေ)။ ဗဟုသုတငတ်မွတ်ပြီးစွန့်စားလိုသောစိတ်ဆန္ဒတို့ကြောင့် Goethe သည် ခရီးများစွာစတင်ထွက်ခွာခဲ့သည်။ သူ၏ခြေလျှင်တောင်တက်ခရီးနှင့်ခရီးတိုများက သူ့ကို ဟာ့ဇ်တောင်တန်းများနှင့်ရိုင်းမြစ်တစ်ကြော၊ ဆွစ်ဇာလန်၊ ဆလေးရှား၊ ပြင်သစ်နှင့် ဘိုဟီးမီးယမ်းရေပူစမ်းများဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ခရီးတစ်ခုတွင်မူ Schiller ဆီရေးခဲ့သောစာတစ်စောင်ထဲ၌ "ပြန်လည်လန်းဆန်းစေသည်၊ မှန်ကန်စေသည်၊ ညွှန်ပြပေးသည်၊ သင်ကြားပေးသည်" ဟုသူကရေးခဲ့သည်။  သူ၏အီတလီကိုသွားခဲ့သောခရီးစဉ်မှာမူ သမိုင်းဝင်အကျော်‌ဇေယျတစ်ခုဖြစ်ခဲ့သည်။ Weimar တွင် အစိုးရဝန်ထမ်းလုပ်နေရသည်ကို စိတ်ပျက်လက်ပျက်ဖြစ်ကာ သူ၏ဖန်တီးနိုင်စွမ်းကိုမြှင့်တင်ရန် ဆာလောင်တောင့်တလျက် (၁၇၈၆) ခုနှစ်တွင် အီတလီသို့ထွက်ခွာခဲ့ပြီး နောင်တွင် သူ၏ခံစားမှုအတွေ့အကြုံများကို Italienische Reise (အီတလီသွားမှတ်တမ်း) ဟုခေါ်သည့် ခရီးသွားမှတ်တမ်းထဲတွင်ထည့်သွင်းမှတ်တမ်းတင်ခဲ့သည်။

ကြီးမားသော အမွေအနှစ်

(၁၈၃၂) ခုနှစ်၊ Weimar ၌ Goethe သေဆုံးချိန်တွင် ပြဇာတ်များ၊ ကဗျာပေါင်းချုပ်များ၊ ဝတ္ထုတိုများ၊ ဝတ္ထုရှည်များ၊ အက်ဆေးများနှင့် သုတေသနကျမ်းများ၊ ခရီးသွားမှတ်တမ်းများ၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတိတစ်အုပ်၊ အရောင်သီအိုရီအကြောင်းစာတစ်အုပ်တို့ကို ချန်ထားရစ်ခဲ့သည်။ ယနေ့အထိ Goethe ၏ဘဝအကြောင်းရေးရန် အားထုတ်ခဲ့ကြသော အတ္ထုပ္ပတိရေးသူအတော်များများက သူ၏စေ့ဆော်မှုများနှင့်စရိုက်တို့ကို အရင်းအမြစ်အမျိုးမျိုးတို့မှခြေရာခံကြည့်ရန်ကြိုးစားခဲ့ကြဖူးသည်။ ထိုအတ္ထုပ္ပတ္တိရေးဆရာများက သူ့ကို အဆိုးနှင့်အကောင်းဒွန်တွဲနေသူဟုခေါ်ကြသည့်အခါရှိသလို တစ်ခါတစ်ရံ သိပ်ကိုခံ့ညားသိမ်မွေ့သူအဖြစ်မှတ်ယူကြပြီး တစ်ခါတစ်ခါကျပြန်လျှင်လည်း သူ၏ပြုပြင်ပြောင်းလဲလိုသောဉာဉ်ကို အလေးပေးဖော်ပြကြသည်။ သို့ရာတွင် ဤစူးစူးစမ်းစမ်းနှင့်အမြဲအလုပ်များနေတတ်သောစွယ်စုံရ အရည်အချင်းမျိုးကို အကောင်းဆုံးဖော်ပြနိုင်ရန်နည်း ဖြစ်ကောင်းဖြစ်နိုင်သည်မှာ အတ္ထုပ္ပတိရေးဆရာ Rüdiger Safranski က သူ့စာအုပ်၏ခေါင်းစဉ်အခွဲတွင်ရေးခဲ့သည့်အတိုင်း Goethe - Kunstwerk des Lebens (Goethe - အနုပညာဖြင့် ဘဝကိုနေထိုင်သူ) ဟုဖော်ပြရန်ပင်ဖြစ်သည်။ Goethe ၏ပြင်းပြသောရည်မှန်းချက်များနှင့်ဘဝတွင် အကောင်းဆုံးနေထိုင်ခဲ့ပုံများက Rüdiger Safranski ကိုလွှမ်းမိုးပြီးအတုယူစေခဲ့သည်။