ပလက်ဖောင်း Basis
အောင်မြင်မှုအတွက် ဖရန့်ဖွတ်နည်းနာနိဿယ

လူငယ်အနုပညာရှင်များအတွက် စရိတ်စကသက်သာသော စတူဒီယိုနေရာဖန်တီးပေးရန် Basis အဖွဲ့ကိုတည်ထောင်ထားသည်။ ဤ Frankfurt ပရောဂျက်သည် ခေတ်ပြိုင်အနုပညာကို ထုတ်လုပ်သည့်နေရာဌာနတစ်ခုဆိုသည်ထက်မက ဖြစ်လာခဲ့သည်မှာ ကာလ ရှည်ကြာမြင့်ခဲ့ပါပြီ။ ၎င်း၏ပြခန်းတွင် တောက်ပလာမည့်အနုပညာရှင်များကို ပြသထားသည်။ များစွာသောပူးပေါင်းဖလှယ်ရေး အစီအစဉ်များက အပြည်ပြည်ဆိုင်ရာချိတ်ဆက်မှုကွန်ရက်များ ဖြစ်ပေါ်စေသည်။
ကဘက်အသားကင်ဆိုင်များ၊ ဇိမ်ခန်းများ၊ ၎င်းတို့ကြားတွင် ခေတ်ဆန်သောနှစ်မျိုးစပ်ဘားဆိုင်များရှိသော Frankfurt Bahnhofsviertel (ရထားဘူတာရုံရပ်ကွက်) သည် ကမ္ဘာများထိတိုက်မိသောနေရာတစ်ခုဖြစ်သည်။ မသိသာသော သတ္တုတံခါးချပ်မှဝင်သွားလျှင် သာယာချမ်းမြေ့ဖွယ် နောက်ဖေးခြံတစ်ခုဆီသို့ ရောက်သွားပြီး၊ လှေကားမှတစ်ဆင့်တက်ပါက ဒုတိယထပ်သို့ရောက် သည်။ ဤနေရာတွင် သရုပ်ဖော်ဆရာ Jan Buchczik ၏စတူဒီယိုရှိသည်။ သရုပ်ဖော်ပန်းချီဆရာသည် Frankfurt မြို့၏ မြို့နီးချင်း Offenbach မြို့တွင် အနုပညာနှင့်ဒီဇိုင်းအကယ်ဒမီကျောင်းတွင် သင်ယူလေ့လာနေဆဲဖြစ်သည်။ သူက ဆောင်းဦးပေါက်တွင် ကျောင်းပြီးချင်သည်။ သို့သော် သူကအောင်မြင်မှုကြီးကြီးမားမားရထားပြီးဖြစ်သည်။ ကွန်ပျူတာဖြင့်ရေးဆွဲသော သူ့သရုပ်ဖော်ပုံများသည် ZEIT နှင့် Süddeutsche Zeitung ၏ မဂ္ဂဇင်းတွင်ပါရှိပြီးဖြစ်ကာ British Guardian နှင့် New York Times သတင်းစာတို့ကလည်း သူနှင့်တွေ့ဖို့ ကြိုတင်ချိန်းဆိုထားပြီးဖြစ်သည်။
Buchczik သည် Frankfurt Basis အဖွဲ့ ၏ စတူဒီယိုရုံ သုံးရုံအနက်တစ်ရုံတွင် သူ့စတူဒီယိုရှိသည်မှာ ယခုဆို သက်တမ်းနှစ်နှစ်တိုင်ချေပြီ။ “Basis က အလုပ်လုပ်ဖို့ကောင်းတဲ့ နေရာတစ်ခုပါ” ဟု သူကပြောသည်။ Buchczik သည် ဤနေရာတွင် ငွေကြေးကိစ္စပူစရာမလိုသော အလုပ်လုပ်ဖို့နေရာတစ်နေရာကို ရှာတွေ့သော အနုပညာရှင် ၁၅၀ ခန့် အနက်မှ တစ်ဦးဖြစ်သည်။ အခြားဖန်တီးမှုအလုပ်ကို လုပ်ကိုင်သူနှင့် အတူတူတွဲသုံးသော သူ့စတူဒီယိုအတွက် ပေးရသောငွေသည် Frankfurt Bahnhofsviertel တွင် ငှားခနှင့်နှိုင်းယှဉ်ပါက အလွန်ပင်နည်းပါးသည်။ အထူးသဖြင့် ထိုလိင်အပျော်အပါးရပ်ကွက်သည် တိုးတက်ခေတ်မီအမြင်ရှိသော ရပ်ကွက်အဖြစ် ပြောင်းလဲသွားပြီးချိန်ကတည်းက ဖြစ်သည်။
လုံလောက်မှုမရှိခြင်း - ဈေးနှုန်းသက်သာသော စတူဒီယိုနေရာ
Basis အဖွဲ့သည် ကွက်လပ်တစ်ခုအတွက် ပေါ် ထွက်လာခဲ့သည်။ ဂျာမနီနိုင်ငံတွင် ကုန်ကျစရိတ်အကြီးဆုံး မြို့တော်များအနက် တစ်မြို့ဖြစ်သော Frankfurt မြို့တွင် သင့်တင့်မျှတသောငွေကြေးဖြင့် စတူဒီယိုနေရာ လုံလောက်မှုမရှိခြင်းမှာ ကာလကြာမြင့်ချေပြီ။ ဤအဖြစ်မှာ အနုပညာနေရာတစ်နေရာအနေဖြင့် မြို့အတွက်ပြဿနာကြီးတစ်ရပ်ဖြစ်သည်။ လူငယ်လူရွယ် အရည်အချင်းရှိအနုပညာရှင်များသည် Frankfurt မြို့သို့ လာရောက်ကာ နာမည်ကျော် Städel School အနုပညာအကယ်ဒမီကျောင်းတွင် လေ့လာသင်ယူကြသည်။ သို့သော် သူတို့ ပညာရေးဆုံးခန်းတိုင်သည်နှင့် အများစုသည် ဘဝအတွက် ကုန်ကျစရိတ်သက်သာသော နေရာများသို့ ရွှေ့ပြောင်းသွားကြသည်။ ဤဖြစ်စဉ်မျိုး မဖြစ်ရေးအတွက် ကြိုးပမ်းမှု အတော်များများရှိသည်။ အနုပညာရှင်များနှင့် ဖန်တီးမှုအလုပ်ကိုလုပ်ကိုင်သူများ အတူတကွပူးပေါင်း၍ မျှသုံးစတူဒီယိုနေရာများကို နေရာလွတ်များတွင် ယာယီဖန်တီးကြရာ အခုတော့ ရေရှည်ပရောဂျက်များဖြစ်သည်။Basis အဖွဲ့သည် ၂၀၀၆ ခုနှစ်ကတည်းက တည်ရှိခဲ့သည်။ ပရောဂျက်ကို Frankfurt မြို့က ထောက်ပံ့ပေးသည်။ ၂၀၁၆ ခုနှစ်တွင် Hesse ဖက်ဒရယ်ပြည်နယ်က အသင်းအဖွဲ့၏ ပင်မအဆောက်အဦးကိုဝယ်ယူခဲ့ရာ ထိုအဆောက်အဦးထဲတွင် ကနဦးလုပ်ငန်း၏ ဆက်လက်တည်ရှိမှုကိုအာမခံသော စတူဒီယိုများနှင့် ပြပွဲနေရာများ အများစုတည်ရှိသည်။ Basis အဖွဲ့သည် လုပ်ငန်းခွင်သို့ဝင်ရောက် တော့မည့်၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်တော့မည့်၊ ဖန်တီးမှုအလုပ်ကိုလုပ်ကိုင်သူများကို ထောက်ပံ့ကူညီပေးချင်သည်။ ထိုသူတို့သည် စရိတ်စကသက်သာသော စတူဒီယိုနေရာများကို ခြောက်နှစ်အထိ အသုံးပြုနိုင်ကြသည်။ ပရောဂျက်၏အောင်မြင်မှုမှာ သိသာသည်ဟု Basis အဖွဲ့၏ အနုပညာဒါရိုက်တာ Felix Ruhöfer ကရှုမြင်သည်။ “နှစ်စဉ်နှစ်စဉ်တိုင်း အနုပညာရှင်တွေဟာ Frankfurt မြို့မှာနေထိုင်ဖို့ ပိုပိုပြီးဆုံးဖြတ်လာတာကို တွေ့ရတယ်။”
စတူဒီယိုရုံတစ်ရုံထက်ပိုသော
သို့သော် Basis အဖွဲ့သည် ၎င်း၏စတူဒီယို သုံးရုံထက်ပိုသည်။ အနုပညာရှင်များကို မြို့ထဲတွင် ထားရန်အတွက်သာမဟုတ်ဘဲ သူတို့အား နိုင်ငံတကာနှင့် ချိတ်ဆက်ပေးရန်ဖြစ်သည်။ ဤအတွက် ပရောဂျက်အား နောက်ထပ်ဦးစားပေးနှစ်ခုဖြင့် ပုံဖော်ထားသည်။ ၎င်း ဦးစားပေးနှစ်ရပ်မှာ ရည်မှန်းချက်ရှိသော ပြပွဲနေရာတစ်ခုနှင့် ငယ်ရွယ်သောဖန်တီးမှုအလုပ်ကိုလုပ်ကိုင်သူများအတွက် ပူးပေါင်းဖလှယ်ရေးအစီအစဉ် ဖြစ်သည်။Basis ရှိ ပြပွဲများက နိုင်ငံတကာအသက်မွေးဝမ်းကျောင်းတစ်ခုကို လတ်တလောတည်ဆောက်နေသော အနုပညာရှင်များကို ယေဘုယျဦးစားပေးထားသည်။ ယနေ့လူတိုင်းနှုတ်ခမ်းဖျားတွင် ရေပန်းစားသော အနုပညာရှင်တစ်ချို့တစ်ဝက်မကသည် Basis အဖွဲ့ရှိ ဂျာမန်စကားပြောကမ္ဘာတွင် သူတို့၏ပထမဆုံးသော တကိုယ်တော်ပြပွဲများကို ကျင်းပခဲ့ကြဖူးသည်။ ဓာတ်ပုံဆရာများဖြစ်သော Tobias Zielony နှင့် Sven Johne၊ ပန်းချီဆရာများဖြစ်သော Michaela Meise နှင့် Keren Cytter တို့သည် ထင်ပေါ်၍စင်တော်က အကောက်မခံရမီက Basis ပြခန်းများ၌ ပြသခဲ့သည်။ နုနယ်ပြီး နိုင်ငံတကာအထိအောင်မြင်နေသော ခေတ်ပြိုင်အနုပညာနှင့် ဤထိတွေ့ခြင်းသည် အရေးပါကြောင်း Felix Ruhöfer က ပြောသည်။ “ကျုပ်တို့က လေလုံပိတ်စတူဒီယိုရုံတစ်ခု မဖြစ်ချင်ဘူး။ ဒါပေမဲ့ အနုပညာသန့်သန့်အဖွဲ့အစည်းတစ်ခုလည်း မဖြစ်ချင်ပြန်ဘူး” လုပ်ချင်တာက ရောနှောချင်တာ။
တကမ္ဘာလုံးမှ အနုပညာရှင်များ
နှစ်ကာလကြာမြင့်လာသော် ပူးပေါင်းဖလှယ်ရေးအစီအစဉ်များသည် ပို၍ပို၍အရေးပါလာသည်။ အနုပညာရှင်များကို Frankfurt သို့ သုံးလကြာ ဖိတ်ကြားသည်။ ဖန်တီးမှုအလုပ်ကိုလုပ်ကိုင်ကြသူများသည် Strasbourg၊ Helsinki၊ Antwerp၊ Seoul၊ Kuala Lumpur နှင့် ပြင်သစ်ဒေသ Nouvelle-Aquitaine တို့မှ Basis အဖွဲ့ထံလာရောက်ကြသည်။ စတူဒီယိုရုံရှိအခန်းတွင် သူတို့နေထိုင်ကြပြီး Frankfurt မြို့၌ သူတို့ပြပွဲများအကောင်အထည်ပေါ်လာအောင် ကြိုးပမ်းကြသည်။ အတုံ့အလှည့်အနေဖြင့်မိတ်ဖက်မြို့ကြီးများကလည်း Basis အဖွဲ့ အနုပညာသမားများအတွက် စတူဒီယိုများရရှိအောင် ဆောင်ရွက်ပေးသည်။ “လူငယ်အနုပညာရှင်တွေ အခြားအချိတ်အဆက်တွေကို သိရှိဖို့အရေးကြီးတယ်” ဟု Ruhöfer က ပြောသည်။Basis အဖွဲ့က Frankfurt ယဉ်ကျေးမှုမြင်ကွင်းကို အကျိုးရလဒ်ကောင်းဖြစ်စေသည်။ သူ အထောက်အပံ့ပေးထားသော အနုပညာရှင်များက အနုပညာဈေးကွက်တွင် ဘယ်လိုလုပ်ဆောင်သည်ကို မြင်တွေ့ နိုင်သည်။ ၂၀၁၇ ခုနှစ် မေလတွင် Venice Biennale (နှစ်နှစ်တစ်ကြိမ်ကျင်းပသောပွဲ) တွင် Golden Lion ဆုရရှိခဲ့သော Anne Imhof သည် ဤနေရာတွင် အချိန်အတော်ကြာ စတူဒီယိုတစ်ခုရှိခဲ့သည်။ မီးရှူးမီးပန်းများဖြင့်စမ်းသပ်လုပ်ကိုင်သော အနုပညာရှင် Sandra Kranich သည် မကြာသေးခင်က São Paulo Biennale တွင် ပြပွဲကျင်းပပြီး၊ Özlem Günyol နှင့် Mustafa Kunt တို့ အနုပညာရှင်နှစ်ဦးသည်လည်း ၂၀၁၇ ခုနှစ် HAP Grieshaber Prize ဆုကိုရရှိကြသည်။ Frankfurt Basis အဖွဲ့သည် အောင်မြင်သောဇာတ်လမ်းများစွာကို ပြောပြနိုင်ပါသည်။