အကပညာ
အကသရုပ်ဖော်ပညာကို ကန့်ကွက်ဆန္ဒပြမှုနည်းလမ်းအဖြစ်အသုံးပြုခြင်း
နိုင်ငံရေးဆန်တဲ့ Flash mob လှုပ်ရှားမှုတွေနဲ့ ပါဖောမန့်စ်တွေမှာ ပေါ်ပြူလာဖြစ်နေတဲ့ ခေတ်ပြိုင်အကပုံစံတွေကိုသုံးပြီး လူမှုအဖွဲ့အစည်းဆီက လက်ရှိပေါ်ပေါက်လာတဲ့မေးခွန်းတွေကို သရုပ်ဖော်ပေးနေပါတယ်။ ဖိနှိပ်မှုတွေကြောင့်ပေါ်ပေါက်လာတဲ့မေးခွန်းတွေကို ခန္ဓာကိုယ်သုံးရတဲ့ သရုပ်ဖော်ပညာနဲ့ တုံ့ပြန်ဖြေပေးနေတာက ဖြစ်နိုင်ပါရဲ့လား။ ပြဇာတ်နဲ့အကဗေဒပညာရှင် Susanne Foellmer ကတော့ အဲ့ဒီလိုကန့်ကွက်လှုပ်ရှားမှုနည်းလမ်းတွေက လူထုအတွင်းမှာ ဘယ်လိုသက်ရောက်မှုတွေရှိနိုင်တယ် ဆိုတာကို အခုလိုရှင်းပြပါတယ်။
Mrs. Foellmer ရှင်က “အကသရုပ်ဖော်ပညာကို ကန့်ကွက်ဆန္ဒပြမှုနည်းလမ်းအဖြစ် အသုံးပြုခြင်း” ဆိုတဲ့ ခေါင်းစဥ်နဲ့ လေ့လာမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အဲဒီလို နိုင်ငံရေးဆန်တဲ့ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ဥပမာတစ်ခုကိုပြောရရင် တူရကီက အကသရုပ်ဖော်ပညာရှင် Erdem Gündüz ရဲ့ အစ္စတန်ဘူလ်မြို့မှာပြုလုပ်ခဲ့တဲ့ “မတ်တပ်ရပ်နေသောသူ” (Standing Man) ဆိုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ အဲ့ဒီလှုပ်ရှားမှုက ဘာတွေများ ထူးထူးခြားခြား ဖြစ်နေပါသလဲ။
Erdem Gündüz ရဲ့ “မတ်တပ်ရပ်နေသောသူ” (Standing Man) ဆိုတဲ့ လှုပ်ရှားမှုရဲ့ အဓိကကြောင်းရင်းက အစ္စတန်ဘူလ်မြို့၊ ဂေဇီပန်းခြံ (Gezi Park) မှာ (၂၀၁၃) ခုနှစ်က ဆန္ဒပြမှုတွေဖြစ်ပြီးနောက်ပိုင်း လူစုလူဝေးပြုလုပ်တာကို တားမြစ်ခဲ့တဲ့အပေါ် သူက ပြန်ပြီးတုံ့ပြန်ထားတဲ့လှုပ်ရှားမှုပါ။
တကယ်တော့ Gündüz ဟာ ပန်းခြံထဲမှာရှိတဲ့ Atatürk အထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာ မတ်တပ်ရပ်ပြီး ကျောက်တိုင်ကို ဒီအတိုင်းပဲကြည့်နေခဲ့တာပါ။ အဲဒီလို အချိန်အတော်ကြာကြာ သူစိုက်ကြည့်နေပြီးနောက်မှာ တခြားသူတွေကလည်း သူ့ဘေးနားမှာရပ်ပြီး သူ့ပုံစံအတိုင်း လိုက်လုပ်ခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာတွေပေါ်ကို ချက်ချင်းရောက်သွားတဲ့ သူ့ရဲ့ဒီလှုပ်ရှားမှုမှာ အစွန်းရောက်တဲ့အပြုအမူ မပါခဲ့ပါဘူး၊ ဒါပေမဲ့ ပြန်ပြီးဆန့်ကျင်တဲ့လှုပ်ရှားမှု ဆိုတာတော့သေချာတယ်။ ဒါကို ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ ရဲတွေကလဲ မသိခဲ့ကြဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်ထဲ တနေရာရာမှာ မတ်တပ်ရပ်နေတယ်ဆိုတာ ဘယ်လိုရှုထောင့်ကကြည့်ကြည့် တားမြစ်ထားတဲ့ကိစ္စမဟုတ်ဘူးလေ။ အဲဒီတော့လူစုလူဝေးပြုလုပ်တာ၊ ကန့်ကွက်ဆန္ဒပြတာတွေအတွက် ထုတ်ထားတဲ့တားမြစ်ချက်တွေနဲ့ အဲ့ဒီသိမ်မွေ့တဲ့လှုပ်ရှားမှုကို အရေးမယူနိုင်ခဲ့ဘူး။ သူ့ရဲ့လှုပ်ရှားမှုဟာ မီဒီယာအမျိုးမျိုးပေါ်မှာ အကြီးအကျယ်ပျံ့သွားတာ၊ မီဒီယာပေါင်းစုံပေါ်မှာ ဒီလှုပ်ရှားမှုကို ဆက်လက်ဖြန့်ဝေခဲ့ကြတာ၊ ထပ်ခါထပ်ခါအကျိုးသက်ရောက်မှုတွေဖြစ်ခဲ့တာ၊ နိုင်ငံရေးလှုပ်ရှားမှုပုံစံဖြစ်သွားတာဟာ Standing man လှုပ်ရှားမှုရဲ့ မူလအင်အားထဲမှာတော့ မပါခဲ့ပါဘူး။
ကန့်ကွက်ဆန္ဒပြမှုအား မတ်တပ်ရပ်နေခြင်းဖြင့်သရုပ်ဖော်ခြင်း - Gezi ပန်းခြံမှ “မတ်တပ်ရပ်နေသောသူလှုပ်ရှားမှု” (Standing Man) _ အက နှင့် အကသရုပ်ဖော်ပညာရှင် Erdem Gündüz
| ဓာတ်ပုံ © Vassil Donev/picture alliance/dpa
လူအတော်များများက ဆန္ဒပြတာကို ကျယ်ကျယ်လောင်လောင်ဆန္ဒထုတ်ဖော်တဲ့ပုံစံနဲ့ပဲ တွဲမြင်လေ့ရှိတယ်။ ငြိမ်ငြိမ်သက်သက်ရပ်နေတာမျိုးတွေ၊ ညင်သာတဲ့လှုပ်ရှားမှုတွေကရော ကနေတာတွေလို့ပြောနိုင်ပါ့မလား။
နယူးယော့ခ်မှာရှိတဲ့ ဂျပ်ဒ်ဆင်ဘုရားကျောင်းပြဇာတ်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Mr. Steve Paxton က မတ်တပ်ရပ်နေတာကလဲ အကပညာပါပဲဆိုတာကို (၁၉၆၀) ခုနှစ်များမှာ ပြောခဲ့ပါတယ်။ သူကဒါကို “သေးငယ်တဲ့ကကွက်” လို့ ခေါ်တယ်။ ဘာကြောင့်လဲဆိုတော့ လူဟာ အဲဒီအချိန်မှာ လုံးဝငြိမ်ငြိမ်သက်သက်ရပ်နေတာမဟုတ်ဘဲ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်ထိန်းထားရလို့ပါ။ သတိမထားမိပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ အမြဲလှုပ်ရှားနေပါတယ်။ ဥပမာဆိုရင် အခုလက်ရှိ ဘာလင်မှာ နေထိုင်နေတဲ့ အစ္စရေးအကသရုပ်ဖော်ပညာရှင် Ehud Darash ရဲ့ (၂၀၁၁) ခုနှစ် နွေရာသီ တယ်လ်အာဗစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ “ကြံ့ကြံ့ခံမှုတည်ဆောက်ခြင်း” (Constructing Resilience) ဆိုတဲ့ သရုပ်ဖော်ကိုကြည့်ပါ။ လှုပ်ရှားမှုရဲ့အဓိကရည်ရွယ်ချက်ကတော့ အိမ်ခြံမြေစျေးနှုန်းတွေအလွန်အမင်းမြင့်တက်နေတာကို ဆန့်ကျင်တာပါ။ Darash က တခြားအကသရုပ်ဖော်တဲ့သူတွေနဲ့အတူ ဆန္ဒပြပွဲမှာ ပူးပေါင်းပါ၀င်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ဆန္ဒပြတဲ့သူတွေလို ရှေ့ဆက်ချီတက်မသွားဘဲ၊ လူတွေချီတက်သွားတဲ့လမ်းဘေးမှာ အုပ်စုလိုက်ခပ်ကုန်းကုန်းအနေအထားနဲ့မျက်နှာမူရပ်နေပြီး မြေပြင်ပေါ်ကို တဖြေးဖြေးချင်း အရုပ်ကြိုးပြတ်လဲကျတဲ့ပုံစံနဲ့ သရုပ်ဖော်မှုကို ပြခဲ့ပါတယ်။ အဲဒီလိုပုံစံနဲ့ဆင်တူတဲ့ သရုပ်ဖော်မှုတစ်ခုကို (၁၉၈၀) ခုနှစ်က နယူးယော့ခ်မှာ ဗြိတိန်လူမျိုး အကသရုပ်ဖော်ပညာရှင် Rosemary Lee က “အရည်ပျော်ကျခြင်း” (Melt Down) ဆိုတဲ့ ခေါင်းစဥ်နဲ့ လုပ်ခဲ့ဖူးပါတယ်။ လူမှုရေးမတည်ငြိမ်မှုတွေ၊ ဆန္ဒပြမှုတွေအများအပြားရှိခဲ့တဲ့ (၈၀) ခုနှစ်တွေမှာ အနုပညာရှင်တွေကို မြို့ပြလူမှုပတ်၀န်းကျင်ကနေထုတ်ပယ်တာကို ဆန့်ကျင်တဲ့အနေနဲ့လုပ်ခဲ့တာပါ။ ဒီသရုပ်ဖော်မှုမှာ ပါ၀င်သရုပ်ဖော်သူတွေက အများပြည်သူပိုင်နေရာတွေမှာ အရင်စုရုံးခဲ့ပြီး၊ ပါဖော်မန့်စ်ပြရာမှာတော့ သူတို့ရဲ့လက်တွေကိုမိုးပေါ်ကိုမြှောက်ထားပြီး တဖြည်းဖြည်းနဲ့ မြေပြင်ပေါ်လဲကျသွားတဲ့ပုံစံ၊ ပြောရရင်တော့ အရည်ပျော်ကျသွားတဲ့ပုံစံကို သရုပ်ဖော်ခဲ့ပါတယ်။ အနုပညာဗျူဟာတစ်ခုကနေ နိုင်ငံရေးအဓိပ္ပါယ်သက်ရောက်မှုတစ်ခု ဖြစ်နိုင်တယ်ဆိုတာ ဒါကိုကြည့်ပြီးသေချာပြောလို့ရပါတယ်။
Flash mob လှုပ်ရှားမှုတွေမှာ မကြာခဏ ကပြသရုပ်ဖော်မှုတွေပါ၀င်နေတာ တွေ့ရပါတယ်။ အကနဲ့အကသရုပ်ဖော်ပညာရပ်ဟာ ဆန္ဒပြလှုပ်ရှားမှုတွေအတွက် ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နေပါသလဲ။
Flash mob လှုပ်ရှားမှုတွေမှာ အကသရုပ်ဖော်မှုတွေပါမယ်ဆိုရင် ပုံမှန်ထုံးစံအတိုင်း ဇာတ်ညွှန်းရှိပါတယ်။ ပါ၀င်မဲ့သူတွေဟာ YouTube မှာ သက်ဆိုင်တဲ့ဗီဒီယိုကို ကြိုတင်ကြည့်ရှုပြီး အကကိုသင်နိုင်ပါတယ်။ ဥပမာပြောရရင် ချစ်သူများနေ့မှာ နှစ်စဥ်ကျင်းပပြီး ကမ္ဘာအနှံ့က အမျိုးသမီးတွေ ပါ၀င်တဲ့ Flash mob “သန်းတစ်ထောင်လှုပ်ရှားမှု” (One Billion Rising) မှာ ပူပေါင်းပါဝင်ဖို့ အဲဒီလိုပုံစံနဲ့ ကြိုတင်ပြင်ဆင်နိုင်ပါတယ်။ အမျိုးသမီးတွေအပေါ်ကျရောက်တဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုပါ။ ပြင်ဆင်ပြီးနောက်မှာတော့ လူမှုအဖွဲ့အစည်းထဲမှာ ဖြစ်ပေါ်နေတဲ့ပြဿနာတွေအတွက် လမ်းပေါ်ကိုထွက်ပြီး ခန္ဓာကိုယ်ကိုသုံးရတဲ့သရုပ်ဖော်ပညာနဲ့ ဆန္ဒထုတ်ဖော်ပါတယ်။ တူညီတဲ့ဥပမာတစ်ခုကို ပြရမယ်ဆိုရင် Gezi ပန်းခြံမှာဖြစ်ခဲ့တဲ့ ဆန္ဒပြလှုပ်ရှားမှုပါပဲ။ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက အဲ့ဒီလိုလှုပ်ရှားမှုတွေ ပြီးသွားတဲ့နောက်မှာ အကသရုပ်ဖော်ပညာဟာ အင်တာနက်ဆီကိုရောက်ရှိပြီး၊ သုံးခဲ့တဲ့ကပြသရုပ်ဖော်မှုကလဲ ဆက်လက်ပျံ့နှံ့သွားတာကို တွေ့ရလေ့ရှိပါတယ်။ ကျွန်မအတွက်မေးခွန်းကတော့ ကန့်ကွက်ဆန္ဒပြရာမှာ ဒီလှုပ်ရှားမှုကိုဘယ်လိုသုံးရမလဲ။ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတစ်ခုကို အချိန်ခဏလေးအတွင်း တခြားအဓိပ္ပါယ်တစ်ခုရအောင်ပုံဖော်ပြောင်းလဲဖို့ အကသရုပ်ဖော်ပညာကို (လူတွေကတော့ လှုပ်ရှားမှုလို့ ရေးတာပေါ့လေ) ဘယ်လိုသုံးရမလဲ။ ဒါတွေအပြင် သည်းထိပ်ရင်ဖိုဖြစ်ရတာက ဥပမာဆိုပါတော့ လုံခြုံရေးတပ်ဖွဲ့တွေက သူတို့ဖက်ကလှုပ်ရှားမှုကို ထပ်ခါထပ်ခါလုပ်တာပဲ။ ဘယ်လိုလုပ်သလဲဆိုတော့ ကန့်ကွက်ဆန္ဒပြမှုတွေကို ကန့်သတ်တယ်၊ ဒါတွေကို အစဖျောက်ပစ်ဖို့ကြိုးစားတယ်၊ ဒီလှုပ်ရှားမှုတွေကို အင်တာနက်က ၀က်ဘ်ဆိုက်တွေမှာ ဆင်ဆာဖြတ်ပြီး တားမြစ်တယ်။ အဲ့ဒီတော့ အာဏာကို ဘယ်လိုမျိုးအသုံးချနေကြသလဲ၊ ခဏလေးအတွင်းမှာ အာဏာသုံးလို့မရအောင် တနည်းပြောရရင် အာဏာကိုအားလျော့သွားအောင် ဘယ်လိုမျိုးပြုလုပ်နိုင်သလဲဆိုတဲ့အကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး အကသရုပ်ဖော်ပညာနဲ့ လုပ်စရာတွေရှိနေပါတယ်။
Facebook အခြေပြုတော်လှန်ရေးအိုင်ဒီယာဖြစ်တဲ့ “အာရပ်နွေဦးရာသီ လူထုအုံကြွမှု” ဟာ ဆိုရှယ်မီဒီယာပေါ်ကအလုံးအရင်းနဲ့စည်းရုံးလှုံ့ဆော်မှုတွေကြောင့် ဖြစ်နိုင်ခဲ့တယ်ဆိုတာကို ရှင်ယုံကြည်ပါသလား။
ဒီလိုကိစ္စတွေကို သေချာသုံးသပ်ကြည့်ရမယ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မတို့ ယေဘူယျအနေနဲ့ ပြောလို့မရတာက ကန့်ကွက်ဆန္ဒပြမှုတွေဟာ သတင်းဆက်သွယ်မှုနည်းလမ်းအသစ်တွေကြောင့်သာ အကျိုးသက်ရောက်မှုရှိပါတယ်ဆိုတဲ့အချက်ပါ။ ဘာကြောင့်လဲဆိုတော့ တခြားအခြေခံမီဒီယာတွေပဲ ရှိခဲ့တဲ့ကာလမှာလဲ အကျိုးသက်ရောက်မှုရှိတဲ့ဆန္ဒပြမှုတွေက ရှိခဲ့လို့ပါ။ လက်ရှိမှာ Facebook နဲ့ Twitter လို ဆက်သွယ်ရေးကွန်ယက်တွေက လွှမ်းမိုးမှုရှိနေတာမှန်ပေမဲ့၊ လူအများသုံးစွဲတဲ့ မီဒီယာတွေဟာ တင်းတင်းကြပ်ကြပ်လဲထိန်းချုပ်ခံရပါတယ်။ လတ်တလောမှာဆိုရင် အဲ့ဒီလိုဆိုရှယ်မီဒီယာတွေဟာ အာဏာအပြည့်အ၀ယူထားတဲ့ အစိုးရအဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာ မကြာခဏရှိနေတတ်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေကို အဲဒီလမ်းကြောင်းကနေနောက်ယောင်ခံလိုက်တာလဲ မကြာမကြာတွေ့နိုင်ပါတယ်။ ဒါကြောင့်မလို့ ဆိုရှယ်မီဒီယာမှာလဲ တခြားဆိုးကျိုးရှိပါတယ်။ မီဒီယာတွေကနေ အာဏာအချိုးအစားကို ဘယ်လိုပုံဖော်ပေးနေသလဲဆိုတာလဲ အမြဲမေးနေကျမေးခွန်းတစ်ခုပေါ့။
ပြဇာတ် နှင့် အကဗေဒပညာရှင် Susanne Foellmer
| ဓာတ်ပုံ (အသေးစိတ်) © Studio Menarc
susanne foellmer
Susanne Foellmer သည် ဂရိတ်ဗြိတိန်နိုင်ငံ Coventry တက္ကသိုလ် (Coventry University) ရှိ အကသုသေသနစင်တာ (Centre for Dance Research) (C-DaRE) တွင် သုတေသနများ ပြုလုပ်လျက်ရှိပါသည်။ လူမှုရေးဆိုင်ရာလှုပ်ရှားမှုများတွင် မီဒီယာများ၏ပြုမူဆောင်ရွက်ပုံ နှင့် ပတ်သက်သည့် ပညာရပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသုတေသနပရောဂျက်ကို ဘာလင်မြို့ Freien တက္ကသိုလ် (Freien Universität Berlin) ရှိ ဆက်သွယ်ရေးနှင့်လူမှုရေးသိပ္ပံပညာနယ်ပယ်များမှ လုပ်ဖော်ကိုင်ဖက်များနှင့်အတူပြုလုပ်ခဲ့ပါသည်။ ယခုလက်ရှိတွင် “အကသရုပ်ဖော်ပညာကို ကန့်ကွက်ဆန္ဒပြမှုနည်းလမ်းအဖြစ်အသုံးပြုခြင်း” ဆိုသည့် သုတေသနကို အင်္ဂလန်နိုင်ငံ၌ လုပ်ကိုင်လျက်ရှိပါသည်။