ပရော့ဂျက်ဆောင်းပါး
ကလေးများရဲ့ Classical ဂီတာတီးခတ်တင်ဆက်မှု
လွန်ခဲ့တဲ့အနှစ် (၃၀) ဝန်းကျင်လောက်အထိ ကျွန်တော်တို့ဆီမှာမိဘအများစုက ကိုယ့်သားသမီးကို ဂီတလုပ်မှာကို (အထူးသဖြင့် ဂစ်တာတီးမှာကို) မကြိုက်ကြ/မလိုလားကြပါဘူး။ အနုပညာကျောင်း (ဂီတကျောင်း) ရယ်လို့လဲ သေသေချာချာမရှိခဲ့ (ခုချိန်ထိလည်းမရှိ) ပါဘူး။ အဲ့ဒီကာလက ဂီတကိုဝါသနာပါ လေ့လာလိုက်စားခဲ့တဲ့လူငယ်တွေအတွက် အစစအရာရာဟာ ခက်ခဲခဲ့ပါတယ်။ အဲ့ဒီအချိန်ကလူငယ်တွေဟာ အခုအချိန်မှာမိဘနေရာကိုရောက်နေကြပါပြီ။
ရေးသားသူ မြင့်သန်းထွန်း
©Goethe-Institut Myanmar သိမ့်အိန္ဒြေခင်က မကွေးမြို့ဇာတိဖြစ်ပြီး အခုအချိန်မှာ အသက် (၁၃) နှစ်ရှိပါပြီ။ သူမရဲ့အဖေကလည်း classical guitarist တစ်ယောက်ဖြစ်ပြီး မကွေးမြို့ကဂစ်တာသင်တန်းဆရာတစ်ဦးပါ။ သူမ အသက် (၉) နှစ်လောက်မှာ ဂစ်တာစပြီးတီးခဲ့ပါတယ် သူမရဲ့အဖေက အခြေခံတွေကိုသင်ကြားပေးခဲ့ပြီး နောက်ပိုင်းမှာတော့ ကျနော်က အွန်လိုင်းကတစ်ဆင့်သင်ကြားပေးခဲ့ပါတယ်။ သိမ့်အိန္ဒြေခင် | ©မြင့်သန်းထွန်းHelen က အသက် (၉) နှစ်ရှိပါပြီ။ သူမရဲ့မိဘတွေက သူမကို ဂီတဆရာတွေနဲ့စနစ်တကျသင်ကြားပေးခဲ့ပါတယ်။ သူမ ငယ်ငယ်ကတည်းက Piano ကို စတင်သင်ကြားခဲ့ရတဲ့အတွက် သူမ classical guitar စပြီးတော့တီးတဲ့အချိန်မှာ classical music က သူမအတွက်ရင်းနီးပြီးသားဖြစ်နေပါတယ်။ အခုဆိုရင် ကျွန်တော့်ဆီမှာ classical guitar ကိုသင်ကြားခဲ့တာ (၉) လလောက်ရှိနေပါပြီ။ ဟယ်လင် | ©မြင့်သန်းထွန်း
ညီသုတကတော့ ကျွန်တော့်ရဲ့သားပါ။ ကျွန်တော် သူ့ကိုဘယ်အချိန်မှာဂစ်တာသင်ပေးခဲ့တယ်ဆိုတာ ကျနော်မပြောတတ်ပါဘူး။ ပြီးတော့ ကျွန်တော်သူ့ကိုဘယ်လိုသင်ပေးခဲ့တယ်ဆိုတာလည်း ကျွန်တော်မသိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အမေရဲ့ဗိုက်ထဲမှာကတည်းက ကျနော်ဂစ်တာတီးတာကို သူကြားရမှာပါ။ ပြီးတော့ သူစကားပီပီသသမပြောတတ်ခင်ကတည်းက guitalele တစ်လုံးကို သူ့ရဲ့ဆော့စရာအရုပ်တွေထဲမှာ ကျွန်တော်ထည့်ပေးထားခဲ့ပါတယ်။ ဂီတသင်္ကေတတွေကိုဖတ်တတ်အောင်နဲ့အခြေခံ technical approach တွေကို သူနဲ့ဆော့ရင်းပြောပြသင်ကြားပေးခဲ့ပါတယ်။ ညီသုတ | ©မြင့်သန်းထွန်း
ကျွန်တော်ကလေးတွေကိုဂစ်တာသင်ပေးတဲ့အခါ ဂီတကိုခံစားတတ်ဖို့နဲ့ ဂီတရဲ့အရသာကိုထိတွေ့နိုင်ဖို့ ဦးစားပေးပြီးသင်ပါတယ်။ ဂစ်တာတီးတာဟာ ဒုက္ခခံပြီးလေ့ကျင့်ဖို့ဆိုတာထက် ဂီတဆိုတာ ခံစားစရာ၊ ချစ်စရာ၊ စိတ်ကျေနပ်စရာလို့ ကလေးတွေကိုနားလည်စေချင်ပါတယ်။ ဂီတတူရိယာတစ်ခုခုကို တီးခတ်တာ ဒါမှမဟုတ် အနုပညာပစ္စည်းတစ်ခုခုကိုသင်ယူလေ့လာတာကို ကလေးတိုင်းလုပ်စေချင်ပါတယ်။ ကလေးတိုင်း အနုပညာကို ချစ်တတ်/ခံစားတတ်စေချင်ပါတယ်။ ကလေးတွေအကုန်လုံး အနုပညာကိုချစ်တတ်/ခံစားတတ်စေချင်ပါတယ်။ ဒါဟာကလေးတွေအကုန်လုံး အနုပညာရှင်တွေ၊ အနုပညာသမားတွေဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ကလေးတိုင်းဟာ အနုပညာနဲ့ဆက်နွယ်ပြီး အလှတရားကိုခံစားတတ်မယ်ဆိုရင် လူ့လောကရဲ့အကျည်းတန်မှု၊ ရိုင်းစိုင်းရက်စက်မှု၊ နာကျင်ခံစားမှုတွေ အထိုက်အလျောက်တော့သက်သာရာရနိုင်မယ်လို့မျှော်လင့်မိလို့ပါ။
(၂၆.၁၁.၂၀၂၂) နေ့မှာ သိမ့်အိန္ဒြေခင်၊ ညီသုတနဲ့ Helen တို့ သုံးယောက်တင်ဆက်တဲ့ Children Classical Guitar Recital ကို Goethe-Institut မြန်မာပွဲခန်းမမှာပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကနေပြီး ကလေးတွေရဲ့ရင်ထဲကအလှတရားတစ်ခုခုကို ကျွန်တော်တို့ဖမ်းဆုပ်ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။