Auf einem Tisch steht eine Tüte mit dem Apotheken-Symbol. Daneben stehen verschiedene Medikamente, Handtücher und eine Wärmflasche. © Goethe-Institut

    ကျန်းမာရေးနှင့်အာမခံ

    နေမကောင်းဖြစ်လျှင်ဘာလုပ်ရမည်နည်း။

    အအေးမိခြင်း၊ ခေါင်းကိုက်ခြင်းစသည့်ရောဂါအသေးစားများအတွက် ဆေးဆိုင်တွင်ဆေးဝယ်နိုင်ပါသည်။ သို့သော် ဆေးအများစုကို ဆေးစာပါမှသာဝယ်ယူနိုင်ပါသည်။ ဆေးစာသည် ဆရာဝန်တစ်ဦးမှရေးသားထားခြင်းဖြစ်ရပါမည်။ ဆေးစာကိုပြ၍ ဆေးဆိုင်တွင်ဆေးဝယ်နိုင်ပြီး ကုန်ကျစရိတ်၏တစ်စိတ်တစ်ပိုင်းကိုသာပေးရပါသည်။
     
    ဆေးဆိုင်များသည် ပုံမှန်အားဖြင့် တနင်္လာမှသောကြာအထိ၊ နံနက် (၈) နာရီမှ ညနေ (၆) နာရီခွဲ (သို့) (၆) နာရီအထိဖွင့်ပါသည်။ စနေ၊ တနင်္ဂနွေနေ့များတွင် နေ့လည် (၁) နာရီအထိဖွင့်ပါသည်။ မြို့များတွင်အချို့သောဆေးဆိုင်များသည် ည (၁၀) နာရီအထိဖွင့်ပါသည်။ စနေ၊ တနင်္ဂနွေနေ့များနှင့်ညဘက်များအတွက် အရေးပေါ်ဝန်ဆောင်မှုရှိပါသည်။

    Eine Person liegt krank im Bett. Auf dem Nachttisch sind Taschentücher, Nasenspray, Medikamente und eine Tasse Tee zu sehen. © Goethe-Institut

    ဆရာဝန်နှင့်ပြသခြင်း

    သင်အပြင်းအထန်နေမကောင်းဖြစ်နေပါက အထွေထွေကုဆရာဝန်တစ်ဦးထံတွင် ရက်ချိန်းယူသင့်ပါသည်။ သင်၏ကလေးနေမကောင်းဖြစ်သည်ဆိုပါက ကလေးဆရာဝန်နှင့်ပြသနိုင်ပါသည်။ ဆရာဝန်နှင့်ပြသလိုပါက ပုံမှန်အားဖြင့် တနင်္လာနေ့မှသောကြာနေ့အထိ သွားရောက်ပြသနိုင်ပါသည်။ စနေ၊ တနင်္ဂနွေနှင့်ညအချိန်များအတွက် ဆရာဝန်အသင့်ထားရှိခြင်းဝန်ဆောင်မှုရှိပါသည်။
     
    ဆရာဝန်နှင့်ပြသရာတွင် သင်၏ကျန်းမာရေးအာမခံကုမ္ပဏီထံမှ ကျန်းမာရေးအာမခံကတ်ပြားယူဆောင်သွားရန်လိုပါသည်။ ဆရာဝန်နှင့်ပထမဆုံးအကြိမ်ပြပါက သင်၏ကိုယ်ရေးအချက်အလက်များနှင့် သင့်ရောဂါနှင့်ပတ်သက်သည့်အကြောင်းအရာများအကြောင်း ဖောင်ဖြည့်ရပါမည်။ ဖောင်ဖြည့်သွင်းပြီးလျှင် သင်၏အမည်ကိုခေါ်သည်အထိ စောင့်ဆိုင်းခန်းတွင်စောင့်နေရပါမည်။ ယင်းမှာမိနစ်အနည်းငယ်သာကြာတတ်ပါသည်။ သို့သော် တစ်ခါတစ်ရံတွင် တစ်နာရီ (သို့) ယင်းထက်မကလည်းကြာနိုင်ပါသည်။

    ဆေးကုခန်းတွင် ဆရာဝန်က သင့်ကိုလိုအပ်သည့်မေးခွန်းများမေးပါလိမ့်မည်။ သင်၏ရောဂါလက္ခဏာများကိုသေချာစွာရှင်းပြပါ၊ ဘယ်နားကနာတာလဲ၊ နာနေတာဘယ်လောက်ကြာပြီလဲ၊ အရင်ကဒီလိုနာဖူးလားစသည်ဖြင့်မေးမြန်းပြီးနောက် ဆရာဝန်က သင့်ကိုစစ်ဆေးပါလိမ့်မည်။ ထို့နောက် ဆေးမှတ်တမ်းရေးပေးပါလိမ့်မည်။ ထို့နောက် သင်ဖြစ်နေသည့်ရောဂါအခြေအနေကိုပြောပြပါလိမ့်မည်။ 
    အကယ်၍သင့်တွင်ကျန်းမာရေးအာမခံရှိပါက ဆရာဝန်ပြသည့်အခါပိုက်ဆံပေးရန်မလိုပါ။ သို့သော် မိမိ၏သီးသန့်လိုအပ်ချက်များအတွက်တော့ပေးရပါသည်။ ၎င်းကို ဆရာဝန်ကညွှန်ကြားပေးပါသည်။

    ဆေးခွင့်နှင့်အထူးကုဆရာဝန်များ

    ဆရာဝန်ကစမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီးလျှင် သင့်ကိုဆေးခွင့်ရေးပေးကောင်းရေးပေးနိုင်ပါသည်။ အများအားဖြင့် ဆေးဝယ်ယူရန်အတွက် ဆေးစာလည်းရေးပေးပါသည်။ နောက်တစ်ခေါက်ထပ်မံလာပြရန်အတွက်လည်း ရက်ချိန်းပေးပါသည်။ သို့မဟုတ် အထွေထွေကုဆရာဝန်က သင့်ကိုအထူးကုဆရာဝန်ဆီသို့လွှဲပေးပါလိမ့်မည်။ ဥပမာအားဖြင့် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု၊ အရိုးအထူးကု၊ သားဖွားမီယပ်အထူးကုစသည်တို့ဖြစ်သည်။ သင့်ကျန်းမာရေးအခြေအနေကို သင့်မိသားစုဆရာဝန်သိရှိနိင်ရန်အတွက် လွှဲစာလည်းရေးပေးပါသည်။ အထူးကုဆရာဝန်ဆီသို့ရောက်လျှင် သင့်ကိုနောက်တစ်ကြိမ်ထပ်မံစစ်ဆေးပါလိမ့်မည်။

    ကြိုတင်စစ်ဆေးမှုများ

    ရောဂါများကိုတတ်နိုင်သမျှကြိုတင်သိရှိပြီးကာကွယ်နိုင်ရန်အတွက် ကြိုတင်စစ်ဆေးမှုများပြုလုပ်နိုင်ပါသည်။ အချို့သောစစ်ဆေးမှုများကို ဥပဒေအရအခမဲ့လုပ်ဆောင်ခွင့်ရှိပြီး အချို့ကိုမူ အခကြေးငွေပေးရပါသည်။
    ကလေးများအတွက်လည်း ၎င်းတို့၏ဖွံ့ဖြိုးကြီးထွားမှုကိုစစ်ဆေးပေးသော ကနဦးစစ်ဆေးမှုများပြုလုပ်နိုင်ပါသည်။ ဝက်သက်၊ ကြက်ညှာချောင်းဆိုးနှင့်ပါးချိတ်ရောင်နာတို့အတွက် ကာကွယ်ဆေးများလည်းရှိပါသည်။
     
     
    အသက် (၃၅) နှစ်မှစ၍ နှလုံး၊ ကျောက်ကပ်နှင့်သွေးလည်ပတ်မှုဆိုင်ရာကြိုတင်စစ်ဆေးမှုများ၊ ဆီးချိုနှင့်ကင်ဆာကြိုတင်စစ်ဆေးမှုများပြုလုပ်နိုင်ပါသည်။
    အမျိုးသမီးများအတွက်ရင်သားစစ်ဆေးမှုများလည်းရှိသည်။
     
    လိင်အမျိုးအစား၊ အသက်အရွယ်နှင့်မျိုးရိုးလိုက် နာမကျန်းဖြစ်ခြင်းများအပေါ် မူတည်၍ (သို့) ကိုယ်ဝန်ဆောင်မိခင်များအတွက် သီးသန့်စစ်ဆေးမှုများလည်းရှိပါသည်။
    ခရီးသွားလိုသူများနှင့်ဂျာမနီတွင်နေထိုင်သူများအတွက် ထိုးရန်အကြံပြုထားသည့်ကြိုတင်ကာကွယ်ဆေးများလည်းရှိပါသည်။ သင်၏ဆရာဝန်နှင့်ပြောဆိုဆွေးနွေးပါ။

    အရေးပေါ်အခြေအနေများအတွက်အရေးကြီးသည့်ဖုန်းနံပါတ်များ

    အရေးပေါ်နံပါတ်များအားလုံးကိုအခမဲ့ခေါ်ဆိုနိုင်ပါသည်။ မည်သည့်ဖုန်းမှမဆိုဖုန်းငွေမရှိဘဲလည်းခေါ်ဆိုနိုင်ပါသည်။
     
    ရဲ။   ။ 110
    ရဲများသည် ပြစ်မှုခင်းများ၊ ပြင်းထန်သောယာဉ်မတော်တဆမှုများ၊ ဆေးပညာဆိုင်ရာမဟုတ်သောအရေးပေါ်အခြေအနေများအတွက် တာဝန်ရှိသည်။

    ခေါ်ဆိုပြီးနောက်သင်၏နာမည်ကိုပြောပြီး
    ဘယ်မှာဖြစ်တာလဲပြောပါ။
    ဘာဖြစ်တာလဲပြောပါ။
    ဘယ်နှစ်ယောက်ပါဝင်လဲပြောပါ။
    ထိခိုက်ဒဏ်ရာရမှုများကိုပြောပါ။
    တစ်ဖက်မှပြန်လည်မေးမြန်းသည်များကိုစောင့်ဆိုင်းပါ။

    Nahaufnahme auf ein Polizeiauto von der Seite mit dem Schriftzug "Polizei" © Goethe-Institut
     
    မီးသတ်၊ အရေးပေါ်၊ ကယ်ဆယ်ရေး။   ။ 112
    အသက်အန္တရယ်ရှိသောအရေးပေါ်အခြေအနေများ၊ ဥပမာ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ ပြင်းထန်သောမတော်တဆမှုများစသည်တို့အတွက် အရေးပေါ်နံပါတ် (၁၁၂) ကိုဆက်သွယ်နိုင်သည်။ အရေးပေါ်အခြေအနေတွင် ဒဏ်ရာပြင်းထန်သည်/မပြင်းထန်သည်စသည်ဖြင့် သံသယထွေပြားတုံ့ဆိုင်းမနေဘဲ ကယ်ဆယ်ရေးကိုလျှင်မြန်စွာအကြောင်းကြားသင့်ပါသည်။ သို့မဟုတ်ပါက အသက်ဆုံးရှုံးနိုင်သောကြောင့်ဖြစ်ပါသည်။
     
    Ansicht auf das geschlossene Tor eines Feuerwehrgebäudes, durch die Fenster ist ein Feuerwehrauto sichtbar. © Goethe-Institut

    ဆရာဝန်အသင့်ရှိနေခြင်း။   ။ 116117
    စနေ၊ တနင်္ဂနွေတွင် အရေးပေါ်အခြေအနေကြုံတွေ့ပါက အရေးပေါ်ကယ်ဆယ်ရေးကိုဆက်သွယ်နိုင်ပါသည်။ ထိုအတွက် အနီးဆုံးအရေးပေါ်ဆေးခန်းသို့သွားရောက်နိုင်ပါသည်။ အများအားဖြင့် ဆေးရုံများတွင်အရေးပေါ်ဆေးခန်းများရှိပါသည်။ ၎င်းဆေးခန်းများသည် ည (၁၀) နာရီအထိဖွင့်ပြီး အားလပ်ရက်များတွင်လည်းဖွင့်ပါသည်။ နောက်တစ်နည်းမှာ (၁၁၆၁၁၇) နံပါတ်ကိုခေါ်ဆိုနိုင်ပါသည်။ ဤနံပါတ်သည်အခမဲ့ဖြစ်ပြီး တစ်နိုင်ငံလုံးတွင်ခေါ်ဆိုနိုင်ပါသည်။ ဤနံပါတ်ကိုခေါ်လျှင် သင့်ကိုအနီးဆုံးရှိဆရာဝန်ထံညွှန်ကြားပေးပါလိမ့်မည်။ ဆရာဝန်အိမ်ပင့်ရန်လိုအပ်ပါကလည်း ဗဟိုဌာနကစီစဥ်ပေးပါသည်။
     
    သွားဆရာဝန်အရေးပေါ်။   ။ 01805/986700

    ဆေးခန်းများ၏ဖုန်းနံပါတ်များရရှိနိုင်ပြီး တိုက်ရိုက်ခေါ်ဆိုနိုင်ပါသည်။

    Man sieht den oberen Teil eines grauen Gebäudes mit einem Schild, das ein rotes Kreuz auf weißem Grund zeigt. © Goethe-Institut
    ကလေးများ
    ကလေးများအတွက်လည်း လူကြီးများအတွက်ခေါ်ဆိုသောဖုန်းနံပါတ်များကို ခေါ်ဆိုနိုင်ပါသည်။ သို့သော် ကလေးများနှင့်ပတ်သက်လျှင် မည်သို့ဆောင်ရွက်ရမည်၊ မြန်မြန်ဆန်ဆန်မည်သို့တုံ့ပြန်ရမည်ကိုသိရန်အရေးကြီးပါသည်။ ပထမဦးစွာ ကလေးကိုသက်တောင့်သက်သာဖြစ်အောင်ထားပြီး နှစ်သိမ့်ချော့မော့ပါ။ မိမိကိုယ်တိုင်စိတ်ကိုငြိမ်စွာထားပြီး ကလေးကိုပိုမိုထိတ်လန့်မှုမဖြစ်စေဘဲ မှန်ကန်သောအရေးပေါ်နံပါတ်သို့  မြန်မြန်ဆက်သွယ်ရန်အရေးကြီးပါသည်။ ဒဏ်ရာအနာတရများရထားပါက ဆေးကြောသန့်စင်ပြီး ပိုးမွှားသန့်စင်သောပတ်တီးစီး၊ ပလာစတာကပ်စသည်တို့ပြုလုပ်နိုင်ရန် ကိရိယာအပြည့်အစုံပါဝင်သောရှေးဦးသူနာပြုသေတ္တာတစ်လုံး အိမ်တွင်အမြဲဆောင်ထားသင့်ပါသည်။
     
    ကလေးများနှင့်လူငယ်များအတွက်ဖုန်းလိုင်း။     ။ 0800/1110333
    ကလေးသူငယ်များနှင့်ဆယ်ကျော်သက်များ၏ပြဿနာများ၊ အင်တာနက်လုံခြုံရေးနှင့်လိင်ပိုင်ဆိုင်းရာအကြမ်းဖက်မှုများအတွက်
     
    မိဘများအတွက် ဖုန်းလိုင်း။    ။ 0800/1110550
    ကလေးအုပ်ထိန်းမှုဆိုင်ရာမေးခွန်းများ၊ အင်တာနက်လုံခြုံရေး၊ လိင်အကြမ်းဖက်မှုများစသည်ဖြင့် ကလေးများနှင့်အုပ်ထိန်းသူများ၏ပြဿနာများအတွက်ခေါ်ဆိုနိုင်ပါသည်။

    အမျိုးသမီးများအကြမ်းဖက်ခံရခြင်းအတွက်အကူအညီတောင်းဆိုခြင်း။   ။ 08000/116016
    နိုင်ငံတစ်ဝှမ်းရှိ အကြမ်းဖက်ခံရသောအမျိုးသမီးများနှင့်၎င်းတို့၏လူမှုပတ်ဝန်းကျင်အတွက် အခမဲ့အကြံပေးဝန်ဆောင်မှုဖြစ်ပါသည်။ သင့်နာမည်ကိုပြောစရာမလိုဘဲ တစ်နှစ်လုံးအချိန်မရွေးခေါ်ဆိုနိုင်ပါသည်။
     
    ကိုယ်ဝန်ဆောင်မိခင်များအတွက်အရေးပေါ်  (နာမည်ပြောစရာမလိုဘဲလုံခြုံစိတ်ချရသည်)။    ။ 0800/4040020
     
    စိတ်ပိုင်းဆိုင်ရာအကူအညီပေးခြင်း။    ။ 0800/1110111
    မိမိဘဝလက်တွဲဖော်နှင့်ပြဿနာများ၊ ကျောင်းနှင့်လုပ်ငန်းခွင်တွင်အနိုင်ကျင့်ခံရမှုများ၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အလုပ်ရှာခြင်း၊ အထီးကျန်မှု၊ စိတ်ပိုင်းဆိုင်ရာအကျပ်အတည်းနှင့်စိတ်ပိုင်းဆိုင်ရာမေးခွန်းများစသည့် ပြဿနာများနှင့်အခက်အခဲများအတွက် ဤနံပါတ်သို့ခေါ်ဆိုနိုင်ပါသည်။
     
    ငွေစုကတ်အရေးပေါ်။   ။ 116116
    သင်၏ EC ကတ်၊ အကြွေးဝယ်ခရက်ဒစ်ကတ်၊ မှတ်ပုံတင်ကတ်စသည်တို့ ပျောက်ဆုံး (သို့) အခိုးခံရပါက ဤနံပါတ်ကိုခေါ်ဆို၍ကတ်ကိုပိတ်ပင်နိုင်ပါသည်။

    အာမခံအမျိုးမျိုး

    လူတိုင်းသည်အန္တရာယ်များနှင့်အချိန်မရွေးကြုံတွေ့ရနိုင်ပါသည်။ ဥပမာအားဖြင့် ဖျားနာခြင်း (သို့) အလုပ်လုပ်နိုင်စွမ်းစသည်တို့ဖြစ်သည်။ ထိုသို့သောအခြေအနေများတွင် ကုန်ကျစရိတ်များလည်း ရုတ်တရက် များတတ်ပါသည်။ ထို့ကြောင့် ထိုကုန်ကျစရိတ်များကို သင်တစ်ဦးတည်းကုန်ကျခံစရာမလိုအောင် အာမခံထားနိုင်ပါသည်။ အာမခံကုမ္ပဏီတစ်ခုတွင်အာမခံလုပ်နိုင်ပြီး နှစ်စဥ် (သို့) လစဥ် သင်ငွေပေးသွင်းရပါမည်။ သင်နာမကျန်းဖြစ်ပါက (သို့) အလုပ်မလုပ်နိုင်တော့ပါက အာမခံကုမ္ပဏီက သင့်အားငွေထုတ်ပေးပါသည်။ ဂျာမနီတွင်အချို့သောအာမခံများကို မထားမနေထားရပါသည်။ လူတိုင်း ယင်းအာမခံများကိုထားရှိရပါသည်။ အခြားသောအာမခံများကိုမူ မိမိဆန္ဒရှိပါကထားနိုင်ပါသည်။

    မရှိမဖြစ်အာမခံများ

    အရေးအကြီးဆုံးမရှိမဖြစ်အာမခံများမှာ ကျန်းမာရေးအာမခံ၊ ပင်စင်အာမခံနှင့်အလုပ်လက်မဲ့အာမခံတို့ ဖြစ်ကြသည်။ သင်ဆရာဝန်ထံသွားပြရသည့်အခါ (သို့) ဆေးဝါးများဝယ်ယူရန်လိုအပ်သည့်အခါ ကျန်းမာရေးအာမခံက ငွေပေးချေပါသည်။ အကယ်၍သင်အလုပ်ပြုတ်သွားလျှင် (သို့) အလုပ်အသစ်မရသေးလျှင် တစ်နှစ်အထိ အလုပ်လက်မဲ့အာမခံမှ သင်ငွေရရှိပါမည်။ ပင်စင်အာမခံမှာလည်း ဝန်ထမ်းများအတွက်မထားမနေရဖြစ်ပါသည်။ သင်အိုမင်း၍အလုပ်ဆက်မလုပ်နိုင်တော့သည့်အခါ နေထိုင်စရိတ်အတွက်ပင်စင်အာမခံငွေရရှိမည်ဖြစ်ပါသည်။ အကယ်၍သင့်တွင်အလုပ်ရှိပါက ကျန်းမာရေးအာမခံနှင့်လူမှုရေးအာမခံများကိုတစ်ယောက်တည်းပေးချေရန်မလိုပါ ၎င်း၏တစ်ဝက်နီးပါးကို အလုပ်ရှင်ကပေးချေပါသည်။ အကယ်၍ သင့်တွင် ကား (သို့မဟုတ်) မော်တော်ဆိုင်ကယ်ရှိပါက ယာဉ်အာမခံ KFZ အာမခံကိုသင်ထားရှိရန်လိုအပ်ပါသည်။ သင်ယာဉ်မတော်တဆမှုဖြစ်ပြီး အခြားကားပျက်စီးသွားပါက KFZ အာမခံက ပြင်ဆင်စရိတ်အားလုံး (သို့) တစ်စိတ်တစ်ပိုင်းကိုပေးချေပါလိမ့်မည်။

    Ein Auto hat in der deutliche Kratzer in der Tür. © Goethe-Institut

    မိမိဆန္ဒအလျောက်ထားနိုင်သည့်အာမခံများ

    အရေးအကြီးဆုံးမိမိဆန္ဒအလျောက်ထားသည့်အာမခံများမှာ တာဝန်ယူရမှုအာမခံ၊ အိမ်နှင့်အိမ်တွင်းပစ္စည်းအာမခံနှင့် အသက်အာမခံတို့ဖြစ်သည်။ သင့်ကြောင့် အခြားသူတစ်ဦး၏ပစ္စည်းတစ်ခုခုကျိုးပဲ့ (သို့) ပျက်စီးဖူးပါသလား။ သို့ဖြစ်ပါက တာဝန်ယူရမှုအာမခံက ယင်းအတွက်ငွေပေးချေပေးပါသည်။ အကယ်၍ အိမ်တွင်းရှိပစ္စည်းများပျက်စီးသွားလျှင် ဥပမာ ရေစနစ်ပြဿနာတစ်ခုခုကြောင့် ရေထိ၍ပစ္စည်းများပျက်စီးမှုဖြစ်လျှင် အိမ်နှင့်အိမ်တွင်းပစ္စည်းအာမခံက ယင်းအတွက် ကုန်ကျငွေကိုပေးချေပါသည်။ အသက်အာမခံကမူ အကယ်၍သင်သေဆုံးသွားပါကငွေထုတ်ပေးခြင်းဖြစ်သည်။  ဥပမာအားဖြင့် သင့်သားသမီးများကငွေကိုလက်ခံရရှိပါမည်။ 

    အခြားသောအာမခံအမျိုးမျိုးလည်းရှိပါသေးသည်။ ဥပမာ ပုဂ္ဂလိကထိခိုက်မှုအာမခံက အားလပ်ချိန်တွင်ဖြစ်သောမတော်တဆထိခိုက်မှုတွင် ငွေပေးချေပေးပါသည်။ ဥပဒေရေးရာအကာအကွယ်အာမခံက တရားဥပဒေဆိုင်ရာအကူအညီအတွက် ဥပမာအားဖြင့် ရှေ့နေတစ်ယောက်အတွက် ငွေပေးချေပေးပါသည်။ ကြွေးဝယ်ကတ်အတွက်၊ ခရီးအတွက် (သို့) တိရိစ္ဆာန်အတွက် အာမခံများလည်းရှိပါသည်။ သို့သော် မည်သည့်အာမခံကသင့်အတွက်လိုအပ်သည်ကို သေချာစွာစီစစ်ပါ။ အာမခံတိုင်းအတွက် ငွေကုန်ကျမည်ဖြစ်သောကြောင့်ဖြစ်သည်။

    လက်ဟန်သင်္ကေတပြဗီဒီယို

    00:01
    00:00
    Progressive stream type not supported or the stream has an error (SOURCE_PROGRESSIVE_STREAM_ERROR)

    အမေးများသောမေးခွန်းများ

    အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

    “ဆက်သွယ်ရန်ဖောင်“ဆီသို့