In einem offenen Geldbeutel sind Münzen, Geldscheine und Kreditkarten zu sehen. Der Geldbeutel liegt auf einer Zeitung. © Goethe-Institut

ဘဏ်အကောင့်

အကယ်၍ သင်သည်ဂျာမနီနိုင်ငံတွင်နေထိုင်အလုပ်လုပ်ကိုင်ပါက ဘဏ်အကောင့်ရှိရန်လိုအပ်ပါသည်။ ဘဏ်အကောင့်ကို ဘဏ် (သို့) ငွေစုဘဏ် (Sparkasse) တွင်ဖွင့်နိုင်ပါသည်။ ဘဏ်နှင့်ငွေစုဘဏ်အများစုတွင် ဘဏ်ခွဲများရှိပါသည်။ အင်တာနက်မှတစ်ဆင့်သာအသုံးပြုနိုင်သည့်ဘဏ်အချို့လည်းရှိပါသည်။ အများအားဖြင့် ဘဏ်အကောင့်ဖွင့်ရန်အတွက် အခကြေးငွေအနည်းငယ်ပေးရတတ်ပါသည်။ ကျောင်းသားများနှင့်တက္ကသိုလ်ကျောင်းသားများအတွက်မူ အခမဲ့ဖြစ်ပါသည်။ ဘဏ်အကောင့်အမျိုးအစားအမျိုးမျိုးရှိပါသည်။ သင့်ဘဏ်အကောင့်ထဲတွင် သင်ကြိုတင်ထည့်ထားသောငွေကိုသာ ထုတ်နိုင်သည့်အကောင့်အမျိုးအစား (Guthaben-Konto) နှင့် သင့်ဘဏ်အကောင့်ထဲတွင်ငွေလက်ကျန်မရှိတော့သည့်တိုင်အောင် ထုတ်ယူနိုင်သည့်အကောင့် (Dispo) တို့ရှိပါသည်။ ယင်းအကောင့်အတွက် ဘဏ်က သင့်ကို သတ်မှတ်ထားသောငွေပမာဏအတိုင်းအတာတစ်ခုအထိ ထုတ်ချေးပါသည်။ သို့ရာတွင် သင်သည် ယင်းငွေသာမကအတိုးကိုပါ ပြန်ဆပ်ရမည်ဖြစ်ပြီး အတိုးနှုန်းမှာမြင့်မားတတ်ပါသည်။

ဘဏ်အကောင့်ဖွင့်ခြင်း

ဘဏ်အကောင့်တစ်ခုကိုသင်ဖွင့်လိုပါသလား။ မည်သည့်ဘဏ်ခွဲတွင်မဆိုဖွင့်နိုင်ပါသည်။ သို့သော် ပထမဦးစွာ ဘဏ် (သို့) ငွေစုဘဏ်က သင်မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထားကို စစ်ဆေးမည်ဖြစ်သည်။ ထို့ကြောင့် သင်၏မှတ်ပုံတင်ကတ်ပြား (သို့) နိုင်ငံကူးလက်မှတ်ကိုပြသရန်လိုပါသည်။

ဘဏ်များစွာတို့တွင် ဘဏ်အကောင့်ကို အွန်လိုင်း၊ စာတိုက်တို့မှတစ်ဆင့်လည်းဖွင့်နိုင်ပါသည်။ ယင်းသို့ဖွင့်ရန်အတွက် စာတိုက်သက်သေခံအထောက်အထားလုပ်ထုံးလုပ်ဆောင်နည်းကို သင်အသုံးပြုနိုင်ပါသည်။ ဤအတွက် ဘဏ်ကသင့်ထံ ပုံစံစာရွက်စာတမ်းများပို့ပေးမည်ဖြစ်ပြီး သင်က ယင်းစာရွက်စာတမ်းများနှင့် သက်သေခံလက်မှတ် (သို့) နိုင်ငံကူးလက်မှတ်တို့ကိုယူ၍ စာတိုက်သို့သွားရပါမည်။ စာတိုက်တွင် သင်မည်သူမည်ဝါဖြစ်ကြောင်းသက်သေအထောက်အထားကို စစ်ဆေးပါမည်။ တစ်ခါတစ်ရံတွင် ဘဏ်အကောင့်ဖွင့်ရန်အတွက် စာရင်းသွင်းဖောင်လည်းလိုအပ်ပါသည်။ 

Ein Mann sitzt an einem Laptop und tätigt eine Online-Überweisung. © Goethe-Institut

ငွေလွှဲခြင်း

သင်၏အိမ်ခန်းငှားခနှင့်လစာအတွက် သင်သည်စာရင်းရှင်ဘဏ်အကောင့် (Girokonto) ရှိရန်လိုအပ်ပါသည်။ သင်၏အလုပ်ရှင်က သင့်လစာကို အကောင့်ထဲသို့လွှဲပေးပါလိမ့်မည် ။ အိမ်ခန်းငှားခကိုလည်း ပုံမှန်အားဖြင့် အကောင့်မှတစ်ဆင့်လွှဲပေးရပါသည်။ အမြဲပုံမှန်ပြုလုပ်နေရသောငွေလွှဲမှုများအတွက် ပုံမှန်ငွေလွှဲစာရင်းတစ်ခုကို သင်ဖွင့်ထားနိုင်ပါသည်။ အခြားသောငွေလွှဲမှုများအတွက်မူ သင်သည် ဘဏ် (သို့) ငွေစုဘဏ်သို့သွား၍ ငွေလွှဲပုံစံစာရွက်ကိုလုပ်ဆောင်ရပါမည်။ သင်ငွေမည်မျှလွှဲလိုသည်၊ မည်သူ့ဆီသို့လွှဲလိုသည်စသည်ဖြင့် ငွေလွှဲမှုနှင့်ပတ်သက်သည့်အချက်အလက်များကို ထိုငွေလွှဲပုံစံစာရွက်ပေါ်တွင်ရေးသွင်း၍ ဘဏ်ကိုပေးအပ်ရပါမည်။ အကယ်၍အင်တာနက် (သို့) အွန်လိုင်းမှတစ်ဆင့်ငွေလွှဲလိုပါက အကောင့်စတင်ဖွင့်ချိန်ကတည်းကပင် Online-Banking (သို့) Home-Banking အသုံးပြုလိုကြောင်း သူတို့ကိုအသိပေးပြောကြားပါ။ 
 
(၂၀၁၈) ခုနှစ်၊ ဇူလိုင်လစာရင်းတမ်းကိုးကားချက်အရ (၂၀၁၄) ခုနှစ်မှစတင်၍ ဥရောပ (၃၄) နိုင်ငံတွင် SEPA ငွေပေးချေစနစ်ကိုအသုံးပြုပါသည်။ ဤစနစ်ဖြင့် ယူရိုငွေကို လွယ်ကူမြန်ဆန်စွာလွှဲနိုင်ပါသည်။ IBAN သည်အကောင့်နံပါတ်ကိုဆိုလိုပြီး BIC ကမူဘဏ်နံပါတ်ကိုဆိုလိုပါသည်။ IBAN နှင့် BIC နံပါတ်များကို ဥပမာအားဖြင့် EC ကတ်ပေါ်တွင်တွေ့ရှိနိုင်ပါသည်။

Eine Person zieht eine Kreditkarte aus einem Geldbeutel. © Goethe-Institut

ECကတ်နှင့်အကြွေးဝယ်ကတ်(သို့)ခရက်ဒစ်ကတ်

သင်၏စာရင်းရှင်အကောင့်အတွက် သင့်အား ဘဏ်က EC ကတ်ထုတ်ပေးမည်ဖြစ်သည်။ အကယ်၍ သင်ဆန္ဒရှိပါက အကြွေးဝယ်ကတ် (ဥပမာ - MasterCard၊ Visa) ကိုလည်းရနိုင်ပါသည်။ အကြွေးဝယ်ကတ်ပြုလုပ်ရန်အတွက် ပုံမှန်အားဖြင့် ငွေအနည်းငယ်ပေးရပါသည်။ ဘဏ်က သင့်အား EC ကတ်ကို (သို့) အကြွေးဝယ်ကတ်ကို (သို့) နှစ်မျိုးစလုံးကို စာတိုက်မှတစ်ဆင့်ပေးပို့လေ့ရှိသည်။ သင်သည် ကတ်ပေါ်တွင်လက်မှတ်ရေးထိုးရပါမည်။ ရက်အနည်းငယ်ကြာပြီးနောက် သင်သည် သင်၏ကတ်အတွက် လျှို့ဝှက်ကုတ်နံပါတ်ဖြစ်သည့် PIN နံပါတ်ကို စာတိုက်မှတစ်ဆင့်လက်ခံရရှိမည်ဖြစ်ပါသည်။ သင်သည် PIN နံပါတ်ကိုအမြဲမှတ်မိနေရန်လိုပါသည်။

သင်သည် EC ကတ်ဖြင့် ATM ငွေထုတ်စက်များအားလုံးတွင် ငွေထုတ်နိုင်ပါသည်။ ယင်းသို့ထုတ်ရန်အတွက် သင်သည် PIN နံပါတ် အမြဲလိုပါသည်။ သင်သည် ဆိုင်အချို့နှင့်အင်တာနက်တို့တွင် အကြွေးဝယ်ခွင့်ကတ်ဖြင့်ငွေပေးချေနိုင်ပါသည်။ အကောင့်အတွင်းသို့ငွေသွင်းလိုပါက သင့်ဘဏ် (သို့) ငွေစုဘဏ်၏ဘဏ်ခွဲများတွင်ငွေသွင်းနိုင်ပါသည်။
အကယ်၍ သင်၏ EC ကတ် (သို့) အကြွေးဝယ်ခရက်ဒစ်ကတ် ပျောက်ဆုံးသွားပါက (သို့) အခိုးခံရပါက တတ်နိုင်သမျှအမြန်ဆုံး ကတ်ကိုပိတ်ပင်ရန်လိုအပ်ပါသည်။ ကတ်ပိတ်ရန်အတွက် အရေးပေါ်နံပါတ် (၁၁၆၁၁၆) ကိုခေါ်ဆိုပါ။

အတိုး

သင့်ဘဏ်အကောင့်ထဲရှိငွေပမာဏပေါ် မူတည်၍ အတိုးကိုသင်ရရှိမည်ဖြစ်သည်။ (Girokonto) အကောင့်အတွက် ရရှိသောအတိုးနှုန်းမှာနည်းပါသည်။ အကယ်၍သင်ငွေစုလိုပါက နေ့စဥ်ငွေထုတ်နိုင်သည့်အကောင့် (သို့) ငွေစုအကောင့်ကိုဖွင့်နိုင်ပါသည်။ ထိုအခါ (Girokonto) အကောင့်ထက်အနည်းငယ်ပိုများသောအတိုးနှုန်းကို သင်ရရှိမည်ဖြစ်သည်။

လက်ဟန်သင်္ကေတပြဗီဒီယို

အမေးများသောမေးခွန်းများ

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့