Ansicht auf ein leeres Büro mit zwei gegenüberstehenden Schreibtischen © Goethe-Institut

လုပ်ဖော်ကိုင်ဖက်များ

အလုပ်စဝင်သည့်ပထမရက်များတွင် လုပ်ငန်းခွင်အသစ်၊ လုပ်ဖော်ကိုင်ဖက်များနှင့်အလုပ်၏သဘော၊ သဘာဝတို့ကို သင်သိကျွမ်းနားလည်လာပါလိမ့်မည်။ ရက်အနည်းငယ်ကြာပြီးနောက် သင်၏လုပ်ဖော်ကိုင်ဖက်များကို ရင်းရင်းနှီးနှီးဖြင့် ဂျာမန်လို “du“ နာမ်စားဖြင့်ပြောဆိုခေါ်ဝေါ် ဆက်ဆံနိုင်ပါသည်။ သို့သော် အထက်လူကြီးများ တစ်နည်းအားဖြင့် အလုပ်ရှင်နှင့်ပြောဆိုဆက်ဆံရာတွင်မူ အမြဲတမ်းနီးပါး လေးလေးစားစားခေါ်ဝေါ်သည့်အခေါ်အဝေါ် ဂျာမန်လို “Sie” နာမ်စားဖြင့်ခေါ်ဆိုသုံးနှုန်းရပါမည်။ သို့သော် ဤစည်းမျဥ်းစည်းကမ်းများသည် ကုမ္ပဏီတစ်ခုနှင့်တစ်ခုကွာခြားနိုင်ပါသည်။ လုပ်ငန်းခွင်သုံးဂျာမန်ဘာသာစကားကို Goethe-Institut ၏ဝက်ဘ်ဆိုက်ဒ်တွင်လေ့ကျင့်နိုင်ပါသည်။

ဝန်ထမ်းကိုအကာအကွယ်ပေးခြင်း

ဂျာမနီတွင် ဝန်ထမ်းကိုအကာအကွယ်ပေးခြင်းမူဝါဒရှိပါသည်။ ကုမ္ပဏီတစ်ခုသည် ၎င်း၏ဝန်ထမ်းများအတွက် ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် သီးသန့်စည်းမျဥ်းစည်းကမ်းချက်များကိုထားရှိလိုက်နာရပါသည်။ ယင်းတို့တွင် ဥပမာအားဖြင့် လုပ်ငန်းခွင်တွင်လိုအပ်ပါက ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်သတ်မှတ်ထားသောအလုပ်ဝတ်စုံ၊ ပုံမှန်အလုပ်နားချိန်များနှင့်အလုပ်ချိန်တို့ပါဝင်သည်။ ကုမ္ပဏီကြီးများတွင် အလုပ်ကောင်စီဟုခေါ်သည့် အလုပ်သမားကိုယ်စားလှယ်အဖွဲ့အစည်းထားရှိပါသည်။ အကယ်၍ သင့်တွင်ပြဿနာတစ်စုံတစ်ရာရှိပါက အလုပ်ကောင်စီကိုတင်ပြ၍ ပြောဆိုဆွေးနွေးနိုင်ပါသည်။ ထိုအခါ အလုပ်ကောင်စီက အလုပ်ရှင်ထံသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်သည်။

Eine Kellnerin hat ein Tablett mit Gläsern in der Hand, im Hintergrund sind sitzende Personen zu sehen. © Goethe-Institut

အလုပ်ချိန်နှင့်အားလပ်ရက်

သင်၏အလုပ်အမျိုးအစားအရအလုပ်ချိန်အမျိုးမျိုးကွဲပြားနိုင်ပါသည်။ ဥပမာ ဆေးရုံမှသူနာပြုတစ်ယောက်အနေနှင့် အဆိုင်းခွဲဆင်းရသည်မျိုးရှိနိုင်ပါသည်။ မနက်ပိုင်းအဆိုင်း၊ တစ်ခါတစ်ရံညနေဆိုင်း (သို့) ညဆိုင်းအလုပ်ဆင်းရပါမည်။ ရုံးအလုပ်တွင်မူ အများအားဖြင့် အလုပ်ချိန်ပုံသေရှိပါသည်။ နံနက်ပိုင်းတွင်အလုပ်စတင်ပြီး တစ်ရက်လျှင်အလုပ်ချိန်စုစုပေါင်းကြာချိန် (၈) နာရီမှ (၉) နာရီအထိရှိပါသည်။ ရုံးတွင် တစ်ခါတစ်ရံ အလုပ်ချိန်ပုံသေမထားသည်လည်းရှိပါသည်။ ဥပမာအားဖြင့် သင်သည် နံနက် (၈) နာရီ (သို့) (၉) နာရီတွင်စတင်နိုင်ပြီး ညနေတွင် စောစော (သို့) နောက်ကျ၍အိမ်ပြန်နိုင်ပါသည်။ အလုပ်တိုင်းတွင်အနည်းဆုံးနားချိန်တစ်ခုရှိပါသည်။ အများအားဖြင့် ထမင်းစားနားချိန် မိနစ် (၃၀) သို့မဟုတ် (၁) နာရီပေးပါသည်။ ပုံမှန်အားဖြင့် ရက်သတ္တပတ်တစ်ပတ်လျှင် အလုပ်ချိန်စုစုပေါင်း (၃၈) နာရီမှနာရီ (၄၀) အထိလုပ်ရပါသည်။ အချိန်ပိုင်းအလုပ် (ဥပမာ ၅၀ ရာခိုင်နှုန်း) လည်းလုပ်နိုင်ပါသည်။ ဤသည်မှာ တစ်ပတ်လျှင်နာရီ (၂၀) ခန့်ဖြစ်သည်။ အကယ်၍ သင့်တွင်ကလေးရှိပါက (သို့) အခြားကိုယ်ပိုင်အလုပ်တစ်ခုရှိပါက ဤသည်မှာနောက်ထပ်ရွေးချယ်စရာတစ်ခုဖြစ်သည်။
အလုပ်သမားတစ်ဦးသည် တစ်နှစ်တွင်အားလပ်ရက် (သို့) ခွင့်ရက်မည်မျှခံစားခွင့်ရှိသည်ကို အတိအကျသတ်မှတ်ထားပါသည်။ သင်သည်အားလပ်ရက်ယူလိုပါကတင်ပြတောင်းခံရမည်ဖြစ်ပြီး သင်၏အထက်လူကြီးကလက်ခံသဘောတူညီမှသာယူခွင့်ရှိပါသည်။ သို့သော် တစ်ခါတစ်ရံ ရုံးတွင်အလုပ်အရမ်းများနေသောကြောင့် အားလပ်ရက်မယူနိုင်သည်မျိုးလည်းရှိတတ်ပါသည်။ သို့မဟုတ် ရုံးတစ်ခုလုံးအားလပ်ရက်ယူထားသောကြောင့် သင်လည်းအားလပ်ရက်ယူလိုက်ရသည်မျိုးလည်းဖြစ်တတ်ပါသည်။ အားလပ်ရက်ယူထားစဥ်အတွင်း သင်၏လုပ်ခလစာကို ဆက်လက်ရရှိနေမည်ဖြစ်ပါသည်။ အကယ်၍သင်သည်ဖျားနာ၍အလုပ်မဆင်းနိုင်ပါက သင့်အလုပ်ရှင်ကိုချက်ချင်းအကြောင်းကြားပြီး ဆရာဝန်နှင့်ပြသရပါမည်။ ဆရာဝန်ကသင့်ကိုဆေးခွင့်ရေးပေးပါလိမ့်မည်။ ဆေးခွင့်ကိုတတ်နိုင်သမျှအမြန်ဆုံး ရုံးသို့ပေးပို့ရပါမည်။ မကြာခဏဆိုသလို အလုပ်ရှင်များသည် ဆေးခွင့်ကိုနာမကျန်းဖြစ်ပြီး (၃) ရက်လောက်ကြာမှတောင်းတတ်ပါသည်။ ဤကိစ္စအတွက် Gesundheit (ကျန်းမာရေးအပိုင်း) ကိုလည်းဖတ်ရှုနိုင်ပါသည်။

အလုပ်ယူနီဖောင်း

အလုပ်အချို့တွင် သတ်မှတ်ထားသောအလုပ်ဝတ်စုံကိုဝတ်ဆင်ရပါသည်။ ဥပမာအားဖြင့် သင်သည်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်အလုပ်လုပ်ပါက သင့်အားထိခိုက်ဒဏ်ရာရမှုများမဖြစ်စေရန်အတွက် အကာအကွယ်ဝတ်စုံကိုဝတ်ရပါမည်။ တစ်ခါတစ်ရံ အလုပ်ယူနီဖောင်းဝတ်ရသည်မျိုးလည်းရှိပါသည်။ ဥပမာ လေဆိပ်တွင်အလုပ်လုပ်လျှင်ဖြစ်သည်။ သို့မဟုတ် ကုမ္ပဏီ၏အမှတ်တံဆိပ်ပါသောတီရှပ်တစ်ထည်ကို ဝတ်ဆင်ရသည်မျိုးရှိပါသည်။ သို့မှသာ ဝယ်ယူသူကသင့်ကို ဤကုမ္ပဏီမှဝန်ထမ်းဖြစ်ကြောင်းသိရှိနိုင်မည်ဖြစ်သည်။
Mehrere Köche arbeiten in einer Restaurantküche. Sie tragen Kopftücher und Kochjacken. © Goethe-Institut

အလုပ်ထွက်ခြင်း

သင်အလုပ်လုပ်သောကုမ္ပဏီတွင် ဆက်လက်အလုပ်မလုပ်နိုင်တော့ပါက (သို့) မလုပ်လိုပါက အလုပ်ထွက်ရပါမည်။ အလုပ်ထွက်လိုပါက မဖြစ်မနေအလုပ်ထွက်စာတင်ရပါမည်။ အလုပ်ထွက်စာတင်ရာတွင် သတ်မှတ်ထားသည့်အချိန် (၃ လကြိုတင်၍) တင်ရပါမည်။

မိမိ၏အရည်အချင်း၊ အရည်အသွေးများကိုမြှင့်တင်ရန်အတွက် ပညာများဆက်လက်သင်ယူခြင်း

အကယ်၍ သင်သည်အလုပ်သင်ပြီးမြောက်ပြီး (သို့) တက္ကသိုလ်ပြီးမြောက်ပြီး အချိန်ကာလတစ်ခုတိုင်အောင်အလုပ်လည်းလုပ်ခဲ့ပြီးပြီဆိုပါက သင့်အရည်အချင်းနှင့်အရည်အသွေးများကိုမြှင့်တင်ရန်အတွက် ပညာများဆက်လက်သင်ယူနိုင်ပါသည်။ ဤနည်းအားဖြင့် သင်သည် သင်၏အသိပညာနှင့်ဗဟုသုတများကိုတိုးပွားအောင်လုပ်နိုင်ပါသည်။ Volkshochschule ဟုခေါ်သည့်လူကြီးသင်တန်းကျောင်းများတွင် တက်ရောက်နိုင်သည့်သင်တန်းများစွာရှိပြီး အသိပညာများစွာသင်ယူနိုင်ပါသည်။

Eine Frau sitzt an einem Tisch in ihrer Wohnung und telefoniert. Auf dem Tisch liegen Papiere und ein Laptop. © Goethe-Institut #MeinJob - လုပ်ငန်းခွင်နေ့စဉ်ဘဝ၏အတွင်းသဘော

အလုပ်လုပ်ရန်အတွက် ဂျာမနီသို့လူပေါင်းများစွာလာရောက်ကြသည်။ မည်သည့်အလုပ်ကိုလုပ်ပါသနည်း။ သင်၏လုပ်ငန်းခွင်ဘဝမှာမည်သို့နည်း။ #MeinJob စီးရီးတွင် ဤသို့သောလူအချို့က သူတို့၏လုပ်ငန်းခွင်ဘဝအကြောင်းပြောပြထားပါသည်။

Samed Qoshia



Amine El Aryf


ဂျာမနီတွင်နေထိုင်အလုပ်လုပ်ရန်လာရောက်ကြသော စိတ်ဝင်စားဖွယ်လူများအကြောင်းဝင်ရောက်ဖတ်ကြည့်ပါ။  Goethe-Institut - Deutschland #NoFilter

လက်ဟန်သင်္ကေတပြဗီဒီယို

အမေးများသောမေးခွန်းများ

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့