Bauhaus
ဘဝကို ဒီဇိုင်းရေးဆွဲခြင်း
Bauhaus အနုပညာကျောင်းသည် အနုပညာဆိုင်ရာအတွေးသစ်အမြင်သစ်အရ လူမှုနှင့်ထိုကဲ့သို့တတ်နိုင်သောနေထိုင်မှုတို့ကို အထောက်အကူပြုရန် ရည်မှန်းထားသည်။ ကသောင်းကနင်းဖြစ်ရပ်အလယ်တွင် လူမှုအသိုင်းအဝိုင်းတစ်ခုအတွက် ဘဝပုံစံသစ်တစ်ခုကို ယူဆောင်ပေးနိုင်သော တော်လှန်ရေး ဒီဇိုင်းမှာ လှုပ်ရှားမှုဗဟိုချက်အတွက် အကြံဉာဏ်ဖြစ်သည်။
သင့်ဧည့်ခန်းအား Bauhaus အနုပညာကျောင်း ဂန္ဓဝင်ပစ္စည်းများဖြစ်သော Wagenfeld မီးအိမ်ဖြင့် အလှတန်ဆာဆင်မှုလုပ်ဆောင်မည် သို့မဟုတ် Marcel Breuer Cesca ကုလားထိုင်ဖြင့် အဆင့်မြှင့်တင်ရန် စိတ်ကူးပါလျှင် ဤခေတ်ဤအခါ၌ အထူးတန်ဖိုးထားသော ဤဒီဇိုင်နာ လက်ရာပစ္စည်းများအတွက် သင့်ပိုက်ဆံအိတ် ပြောင်တလင်းခါလုမတတ် ငွေကုန်ကြေးကျခံ ရပါလိမ့်မည်။ ဥစ္စာဓနကြွယ်ဝသူများတွက်မရည်မှန်းဘဲ ပရိဘောဂများကို ဒီဇိုင်းထုတ်သော Bauhaus အနုပညာကျောင်းဒီဇိုင်နာများ လိုက်နာသောမန္တန်အရ သူတို့၏လက်ရာတို့၏ ယနေ့ ခေတ်တန်ကြေးများသည် ဝိရောဓိဖြစ်ဖွယ်ဖြစ်သည်။ Bauhaus အနုပညာကျောင်း ပရိဘောဂပစ္စည်းများ၏ ခေတ်စားသောအယူအဆက ဈေးကွက်တန်ဖိုးနှင့်ကိုက်ညီအောင်ထားခြင်းနှင့် ပြောင်ပြောင်ကြီး ဆန့်ကျင်နေသည်။ ယနေ့ခေတ်တွင် သူတို့၏ရိုးရိုးရှင်းရှင်းကျော့ရှင်းမှုသည် တော်လှန်ခြင်းထက် ပိုပြီးခေတ်စားသည်။ ၁၉၁၉ ခုနှစ်တုန်းဆီကမူ Bauhaus အနုပညာကျောင်းသည် ဆန်းသစ်သောအစီအစဉ်တစ်ခုဖြင့် စတင်ကာ၊ တီထွင်ဖန်တီးမှုဘောင်အသစ် တစ်ခုကို ဖန်တီးပြီး၊ နေ့စဉ်ဘဝကို လုံးဝခေတ်မီသွားအောင် လုပ်ဆောင်ပစ်နိုင်သည်။
လူမှုအသိုင်းအဝိုင်းအတွင်း ပထမကမ္ဘာစစ်နှင့်စက်မှုစီးပွားရေး၏ ဆိုးရွားလှသော အကျိုးရလဒ်များကို ကြုံဆုံနေရချိန်အတွင်း Bauhaus အနုပညာကျောင်းကို ထူထောင်ခဲ့ခြင်းဖြစ်သည်။ ငွေကြေးဖောင်းပွမှု၊ ငတ်မွတ်မှု၊ အလုပ်အကိုင်မရှိမှု၊ အိမ်ခြေယာမဲ့နှင့် လူမှုမငြိမ်သက်မှုတို့က လူ့အသိုင်းအဝိုင်းပုံစံအသစ်တစ်ခုကို တောင့်တလာအောင် တွန်းအားပေးသည်။ ဤကဲ့သို့ နိုင်ငံရေးနှင့်လူမှုရေးမငြိမ်သက်သော ပတ်ဝန်းကျင်တွင် Weimar မြို့၌ Bauhaus အနုပညာကျောင်းအား ထူထောင်တော့မည့် ဗိသုကာ Walter Gropius ထံ အနုပညာရှင်တစ်သိုက်သည် စုစည်းလာကြသည်။ ဖန်တီးမှုဒီဇိုင်းပညာရှင်ဆီမှ လမ်းညွှန်ချက်ကို Gropius တစ်ယောက် ခံစားမိလိုက်သည်က သူ့နိုင်ငံနစ်မြှုပ်နေသော သေရေးရှင်ရေးတမျှဖြစ်နေသောလူမှုပြေးလမ်းဖြောင့်ဆီသို့ ဖြေရှင်းချက်ဖြစ်သည်။ “ဘဝဖြစ်စဉ်တွေရဲ့ဒီဇိုင်းက အဆောက်အဉီးပဲ” ဟု သူကဗိသုကာအကြောင်းကိုပြောသည်။ ဝေဖန်ရေးဆရာအချို့က သူ့ကို စိတ်ကူးယဉ်လွန်းသော လောကတစ်ခုဆီသို့ မလွန်ဆန်ဘဲ လက်လျော့ပေးလိုက်ခြင်းဖြစ်သည်ဟု စွပ်စွဲကြသည်။
အခြေခံကျကျ ဘဝကိုခေတ်မီအောင်ပြုခြင်း။
ပြန်လည်ဖော်ထုတ်ထားသော Gothic (အလယ်ခေတ် ဂျာမန်ဗိသုကာပုံစံ) ပုံစံများနှင့် အလယ်ခေတ်ပုံစံတို့ကို စံပြုထားသော ဗြိတိသျှအနုပညာနှင့် လက်မှုပညာလှုပ်ရှားမှုနှင့်မတူသည့်အချက်မှာ Bauhaus အနုပညာကျောင်းသည် ဒီဇိုင်းပညာရပ်အပေါ် ပုံစံသစ်တစ်မျိုးဖြင့် ချဉ်းကပ်ရန် အားထုတ်သည်။ အစကနဦးတွင် Wiener မြို့မှ လက်မှုပညာသည်များ၊ နောက်ပိုင်းတွင် Dessau မှစက်မှုလုပ်ငန်းသုံးစက်ယန္တရားများဖြင့် အနုပညာရှင်များ၏ တစ်ခုထက်မကသော ပညာရပ်အုပ်စုများသည် အနာဂတ်၏ယဉ်ကျေးမှုကိုပုံဖော်ရန် အရာဝတ္ထုပစ္စည်းများကို ဖန်တီးပြီးလုပ်ဆောင်ကြသည်။ Bauhaus အနုပညာကျောင်း၏ ကြေညာစာတမ်းတွင် Gropius က “အမြင်ဆိုင်ရာအနု ပညာရပ်အားလုံး၏ အန္တိမ ရည်မှန်း ချက်သည် ပြီးပြည့်စုံသောအဆောက်အဦး ဖြစ်သည်။ […] ဗိသုကာများ၊ ပန်းပုဆရာများ၊ ပန်းချီဆရာများ အားလုံးတို့သည် လက်မှုပညာရပ်များဆီသို့ ပြန်လာကြရမည်။ […] အနုပညာရှင်သည် အဆင့်မြင့်လက်မှုပညာရှင် ဖြစ်သည်”ဟု ရေးထားသည်။
Bauhaus အနုပညာရှင်များသည် အထူးသဖြင့် ဝင်ငွေနည်းပါးသူများအတွက် နေထိုင်ရေး အခြေအနေများကို တိုးတက်စေလိုပါလျှင် သူတို့၏လက်ရာသည် ဈေးနှုန်းသင့်တင့်ရပေမည်။ အရာဝတ္ထုပစ္စည်းများကို ဈေးနှုန်းသက်သာစွာ အများအပြားထုတ်လုပ်နိုင်ရန် အရေးကြီးသည်။ သို့ဖြစ်၍ Bauhaus တို့သည် ယခင်က တစ်စုံတစ်ယောက်မှ မကြိုးစားဖူးသော ဒီဇိုင်း အလှဗေဒအသစ်တစ်မျိုးကို ဖန်တီးကြသည်။ အခြေခံအကျဆုံး ဂျီဩမေတြီပုံသဏ္ဍာန်များဖြစ်သော စတုရန်း၊ စက်ဝိုင်း နှင့် တြိဂံတို့ဆီသို့ သူတို့ပြန်လှည့်သွားကြခြင်းမှာ သမားရိုးကျ မဟုတ်သလို၊ အခြေခံအကျဆုံးအရောင်များဖြစ်သော အနီ၊ အဝါ၊ အပြာ၊ အနက်နှင့် အဖြူ စသည့် အကန့်အသတ်အရောင်များကို အသုံးပြုခြင်းသည်လည်း ထိုနည်းနှင်နှင်။ ပန်းချီဝေဖန်ရေးဆရာ Paul Westheim က Gropius စုစည်းစီစဉ်သော ဗိသုကာပြပွဲအား သွားရောက်ကြည့်ရှုပြီး အထင်ကြီးမှုမဖြစ်။ “Weimar မြို့မှာ သုံးရက်နေတယ်။ ကျုပ်နေနေသလောက် နောက်ထပ်စတုရန်းတစ်ခုကို ထပ်မတွေ့မိတော့ဘူးဆိုရင်၊ အဲဒါကလည်း မကြာခင် စတုရန်းဖြစ်လာတော့မှာပဲ။”
အနုပညာလား။ BAUHAUS အနုပညာကျောင်းမှာ မဟုတ်ဘူး။
Bauhaus အနုပညာကျောင်းကို ထောက်ခံအားပေးသူတို့သည် အနုပညာကျောင်း၏မူများကို တင်းတင်းကျပ်ကျပ်ကိုင်စွဲထားကြသည်။အနုပညာအလှဗေဒသည် အတွေးအမြင်စနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ သို့အတွက် ဒီဇိုင်းသည် စတိုင် (ဟန်ပန်) ထက် ရည်ရွယ်ချက်နှင့် လက်တွေ့ အသုံးဝင်မှုဆီမှ အရိပ်နိမိတ်ကို ယူထားသည်။ Bauhaus အနုပညာကျောင်းဗန်းစကားအရ “မာစတာ” များဟု သိထားကြပြီး၊ Weimer မြို့နှင့် Dessau မြို့တို့ထံ အမြင်ဆိုင်ရာအနုပညာရှင်များအဖြစ် ရောက်ရှိလာကြသော Bauhaus အနုပညာကျောင်း ပါမောက္ခများနှင့် ဤလက်တွေ့အသုံးဝင်မှုအားဖြင့်ချည်းကပ်မှုသည် မလွဲမသွေပဋိပက္ခဖြစ်သည်။
ဤစည်းကမ်းတင်းကျပ်သော၊ ဆန်းသစ်တီထွင်သော ဒီဇိုင်းဘာသာစကားကို နေ့စဉ်ထိတွေ့ နေရသည့် အရာဝတ္ထုများတွင် အထူးသဖြင့်တွေ့မြင်ရသည်။ သတ္တုအလုပ်ရုံတွင် ထုတ်လုပ် သော ကော်ဖီနှင့်လက်ဖက်ရည်ပန်းကန်အစုံများတွင် အနုပညာစံကိုက်ရန် ရည်ရွယ်ချက်ဖြင့် အံဝင်ခွင်ကျ ပြုလုပ်ထားခြင်းမဟုတ်မှန်း ထင်ရှားသည်။ မလိုင်ကရား၊ သကြားခွက်နှင့် အိုးတို့အားလုံးသည် စတိုင်မတူကြ။ တစ်ခါတစ်ရံ တစ်ခုနှင့်တစ်ခုပတ်သက်ဆက်စပ်နေပုံမရ။ သူတို့၏ကိုယ်ပိုင်အခန်းကဏ္ဍက သူတို့၏ဒီဇိုင်းကို ဆုံးဖြတ်ခြင်းသာဖြစ်သည်။ အစဉ်အလာနားလည်မှုဖြင့် ပန်းကန်ခွက်ယောက်တစ်စုံ ဖန်တီးလိုသည့် စိတ်ဆန္ဒကိုဆုံးဖြတ်ခြင်းမဟုတ်။
Marianne Brandt ဖန်တီးခဲ့သော လက်ဖက်ရည်နှပ်အိုးကိုကြည့်လျှင် အနုပညာလှုပ်ရှားမှုသည် အသုံးချအနုပညာရပ်များအား မည်သို့ကျောခိုင်းခဲ့ကြောင်း နမူနာတစ်ခုဖြစ်သည်။ “ပုံသဏ္ဌာန်က လက်တွေ့ အသုံးဝင်မှုကို လိုက်နာသည်” ဟူသော ဆောင်ပုဒ်သည် Bauhaus အနုပညာသည်များအတွက် အသစ်အဆန်းမဟုတ်သော်ငြား၊ ယနေ့ Bauhaus အနုပညာကျောင်းဟန်နှင့် ခွဲထုတ်၍မရအောင်ချိတ်ဆက်နေသည်။
Bauhaus မှ ထွက်ပေါ်လာသော အထည်အလိပ်နှင့်ပိတ်စတို့တွင်လည်း မော်ဒန်ချဉ်းကပ်မှုအသစ်ကို မြင်တွေ့နိုင်သည်။ အထည်အလိပ်အလုပ်ရုံက ဒြပ်မဲ့သဏ္ဍာန်များပါသော ကောဇောများကို ရက်လုပ်ရာ၊ ရာစုနှစ်အစပိုင်းဆီက လူကြိုက်များခဲ့သော ဇာတ်ကြောင်းပြောသော ချည်ထိုးနံရံကပ်ကော်ဇောများနှင့် အလွန်ပင်ကွဲပြားခြားနားသည်။ သို့မဟုတ်ပါက နေ့စဉ်သုံးအရာဝတ္ထုများဖြစ်သော စားပွဲခင်းများ၊ စားပွဲအလှဆင်အခင်းများ၊ ကလေးအဝတ်များနှင့် စက်မှုလုပ်ငန်းအတွက် စမ်းသပ်ရက်လုပ်သောအစများကို အဓိကထားသည်။ ဤလက်မှုပစ္စည်းများကို Bauhaus အမျိုးသမီးကျောင်းသူများက ဆရာမ Gunta Stölz ၏ ကြီးကြပ်မှုအောက်တွင် ပြုလုပ်ခဲ့ကြသည်။ ဆရာမကိုယ်တိုင်ကလည်း တစ်ချိန်ကကျောင်း၏ကျောင်းသူ တစ်ဦးပင်ဖြစ်သည်။
သို့သော် Bauhaus အနုပညာကျောင်း၏ တီထွင်ဆန်းသစ်မှုသည် ဒီဇိုင်းတော်လှန်ရေးတစ်ခုထက် ပိုပြီးတာသွားသည်။ Bauhaus အလုပ်ရုံများတွင် ဖြစ်ထွန်းလာသော နည်းပညာနှင့် ဒီဇိုင်းတို့အကြား မကြုံစဖူးထိတွေ့ကြရာမှ သက်မွေးလုပ်ငန်းနယ်ပယ်အသစ်များ ထွက်ပေါ်လာသည်။ ဈေးကွက်တင်ခြင်းသည်လည်း ရှေ့ဆုံးတန်းမှပါဝင်သည်။ ဓာတ်ပုံဆရာများကို လေ့ကျင့်သင်ကြားပေးသည်။ ခေတ်သစ်ပုံနှိပ်လက်ရာများ (အများအားဖြင့် အနက်နှင့် အနီ) ကိုလည်း ဤပစ္စည်းများကို ရောင်းအားမြှင့်တင်ရန် ဒီဇိုင်းဖန်တီးပြုလုပ်ထားသည်။ ဂရပ်ဖစ်ဒီဇိုင်နာဆိုသောအယူအဆသည် ကြော်ငြာအလုပ်ရုံတွင်သင်ကြားသော “ကြော်ငြာခြင်းအတတ်၏ စနစ်ကျနမှု”၊ “သတိပြုမိခြင်း အကျိုးသက်ရောက်မှု” စသည့် သင်တန်းများမှပေါက်ဖွားလာခြင်းဖြစ်သည်။
လူထုအတွက် ဒီဇိုင်း
Walter Gropius ၏ ဦးဆောင်မှုအောက်တွင် Bauhaus အနုပညာကျောင်းတွင် ဖြစ်ထွန်းလာသော တော်လှန်ရေးဒီဇိုင်းပညာရပ်သည် ၁၉၂၇ ခုနှစ် ညွှန်ကြားရေးမှူးအသစ် Hannes Meyer ၏ လက်ထက်ရောက်သည့်အခါတွင် လူမှုအချိုးအကွေ့အသွင် ပို၍ဆောင်လာသည်။ Meyer က Bauhaus အနုပညာကျောင်းသည် “ပစ္စည်းမဲ့ လူတန်းစား” အတွက် လူအများ၏ လိုအပ်ချက်များ အပေါ် ပိုမိုအလေး အနက်ထား၍ ဒီဇိုင်းကိုစတင်သင့်ကြောင်း ဝေဖန်သည်။ ညွှန်ကြားရေးမှူးအသစ်၏ကမကထပြုခြင်းအောက်တွင် ဆောင်ပုဒ်သည် “ဇိမ်ခံမှုအတွက်လိုအပ်ချက်အစား လူထုအတွက်လိုအပ်ချက်” အဖြစ်သို့ ပြောင်းလဲသွားသည်။ မူလမေးခွန်းအပေါ် ထပ်မံမေးထားသော မေးခွန်းအားဖြေကြားရမည်ဆိုသော် “လူများနေ့စဉ်ဘဝတွင် ဘာကို အမှန်တကယ်လိုအပ်ပါသနည်း” ဆိုသော မေးခွန်းဖြစ်သည်။ သားမွေးကော်ဇောများအစား ကြာရှည်ခံကောဇောများကို ထုတ်လုပ်လာသည်။ ကျည်တောက်ပုံသံမဏိကုလားထိုင်ဘောင်ပေါ်တွင် ဆန့်ထွက်ခြင်းကိုခံနိုင်ရည်ရှိသော ကျုံ့နိုင်ဆန့်နိုင်အားဖြင့် အရာဝတ္ထုများကို ထုတ်လုပ်ရန် အလုပ်ရုံအမျိုးမျိုးတို့အတူတကွအလုပ်လုပ်ခဲ့ကြသည်။
အစပိုင်းတွင် ဖော်ပြခဲ့သော Wagenfeld မီးအိမ်သည် လူထုအတွက် ဒီဇိုင်းစံနှင့်စီးပွားရေး အစစ်အမှန်တို့အကြား ကွက်လပ်သည် မည်မျှကျယ်ပြန့်နေကြောင်းပြသသော နမူနာကောင်းတစ်ခုဖြစ်သည်။ ငွေနှင့်မှန်တို့ဖြင့် လက်မှုထည်သည် အလုပ်သမားလူတန်းစားတို့ အလွယ်တကူတတ်နိုင်သော ဈေးမကြီးသည့် မီးအိမ်နှင့် အလှမ်းကွာလွန်းခဲ့သည်။ စားပွဲတင် မီးအိမ်ကို ဖန်တီးသူ Wilhelm Wagenfeld ပင်လျှင် ၁၉၂၄ ခုနှစ်တုန်းက ကုန်သွယ်ရေးပွဲမှ အပြန် ဤအချက်ကို အလေးအနက် သဘောတူထောက်ခံထားသည်။ “ရောင်းဝယ်သူတွေနဲ့ ထုတ်လုပ်သူတွေက ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေကို ပြောင်လှောင်ကြတယ်။ ပေါပေါပဲပဲစက်ယန္တရားထုတ်ကုန်တွေ ပုံလိုမျိုးဖြစ်နေပေမဲ့၊ အမှန်တော့ ဒါတွေကတန်ဖိုးကြီးလက်မှု ပစ္စည်းတွေတဲ့။ သူတို့ဝေဖန်တာမှန်တယ်။”
မည်သို့ဆိုစေ အမှန်တရားက အတော်ခြားနားစွာပေါ်ထွက်လာသည်။ ယနေ့ခေတ်တွင် Bauhaus ဒီဇိုင်းသည် ပင်မရေစီးကြောင်းထဲတွင် အပြည့်အဝစီးဆင်းနေသည်။ ဇိမ်ခံအရာ ဝတ္ထုများကို အသုံးဝင်မှုထက် မျက်စိပသာဒဖြစ်မှုအပေါ် ပိုမိုတန်ဖိုးထားကြသည်။ သို့သော် Bauhaus အနုပညာကျောင်း၏ မူများနှင့်စံနှုန်းတို့သည် သမိုင်းတွင် မှတ်တမ်းတင်ထားခဲ့ချေပြီ။ ခေတ်ပြိုင်ဒီဇိုင်းနှင့် ဗိသုကာပညာတို့ကို ဆက်လက်ပုံဖော်ရင်း ကမ္ဘာအနှံ့ရှိ အနုပညာနှင့် ဒီဇိုင်းကောလိပ်ကျောင်းများတွင် ဆက်လက်သင်ကြားနေဆဲဖြစ်သည်။ Walter Gropius နှင့် သူ့နောက်ဆက်ခံသူများဖြစ်သော Hannes Meyer နှင့် Ludwig Mies van der Rohe တို့၏ အမွေကို ကျွန်ုပ်တို့၏အိမ်များတွင် သဲသဲကွဲကွဲအမြင်ရဆုံးဖြစ်လိမ့်မည်။ အကြောင်းမှာ သူတို့ သည် တိုးတက်မှု၊ မော်ဒန်နေထိုင်မှုပုံစံနှင့် ရှင်းလင်းသောပုံသဏ္ဌာန်တို့ကို သဘောပေါက်နားလည်စေခြင်းတို့အား ယနေ့ ကျွန်ုပ်တို့၏ဧည့်ခန်း များအတွင်းသို့ ဆောင်ယူလာ ပေးသူများဖြစ်သည်။