- မေး - ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပေးပြီးတော့ ပြပွဲရဲ့ဘယ်လိုအခန်းကဏ္ဍတွေမှာတာဝန်ယူပါဝင်ထားလဲ ပြောပြပေးပါ။
ဆဒ် - မင်္ဂလာပါ။ ကျနော်ကတော့ ဆဒ် ကောင်းဆက်လင်းပါ။ /ရှိ ပြပွဲရဲ့ ဦးဆောင်သူ ကျူရေတာတစ်ဦးဖြစ်ပါတယ်။ ပြပွဲအတွက်အနုပညာရှင်တွေနဲ့ကျနော်တို့အဖွဲ့ဝင်တွေကြား ကျူရေတိုရီရယ်ဆိုင်ရာဖြစ်စဉ်တွေကိုညှိနှိုင်းပြီး ပွဲတစ်ခုလုံးရဲ့စီစဉ်ခြင်းအားလုံးကိုတာဝန်ယူထားပါတယ်။
ဒိုင်ယာနာ - ကျမကတော့ ဒိုင်ယာနာနွေးထွေးပါ။ အနုပညာသမိုင်းပညာရှင်တစ်ဦးဖြစ်ပါတယ်။ ပြပွဲနဲ့ပတ်သက်တဲ့သုတေသနတွေ အယူအဆပိုင်းဆိုင်ရာတွေနဲ့ စာရေးတဲ့အပိုင်းတွေကို အဓိကတာဝန်ယူပါတယ်။
မင်းချစ်ပိုင် - မင်းချစ်ပိုင်ပါ။ ပရိုဂရမ်မန်နေဂျာဖြစ်ပြီး အနုပညာရှင်တွေနဲ့ဆက်သွယ်တာတွေ၊ လောဂျစ်စတစ်အပိုင်းတွေ ၊ အစီအစဉ်ဆွဲတာတွေနဲ့ ပြပွဲအတွင်းလက်ရာများတပ်ဆင်နေရာချထားခြင်းစတဲ့တာဝန်တွေယူထားပါတယ်။
- မေး - /ရှိ မှာဘယ်လိုလက်ရာတွေပါဝင်ပြီးတော့ ဒီ /ရှိ ပရောဂျက်စတင်ဖြစ်ပေါ်လာပုံလေးကိုရှင်းပြပေးပါဦး။
ဆဒ် - ကျနော်တို့ /ရှိ မှာ ပန်းချီဆရာတွေ၊ ရုပ်ရှင်ထုတ်လုပ်ဖန်တီးသူတွေ၊ ဒစ်ဂျစ်တယ်အနုပညာရှင်တွေ၊ ပါဖော်မန့် အနုပညာရှင်တွေ၊ ပန်းပုဆရာတွေ၊ ဂီတပညာရှင်တွေ ပြီးတော့ ကျူရေတာတွေနဲ့စာရေးဆရာတွေစတဲ့ အနုပညာဖန်တီးသူ အမျိုးအစားများစွာပါဝင်ပါတယ်။ ဒီပရောဂျက်က Goethe-Institut မြန်မာကနေ ရန်ပုံငွေပံ့ပိုးထားတဲ့ ပြန်လည်ချိတ်ဆက်စီမံကိန်းရန်ပုံငွေထောက်ပံ့မှု (၂၀၂၀-၂၀၂၁) ရဲ့နောက်ဆက်တွဲပရောဂျက်တစ်ခုပါ။ နောက်ပြီးတော့ ပြန်လည်ချိတ်ဆက်ကလက်ရာတွေကို ကျနော်တို့နည်း ကျနော်တို့ဟန်လေးနဲ့ ပြန်လည်ပြီး ပြပွဲအဖြစ်ဖန်တီးခွင့်ရတဲ့အတွက်ရော၊ နောက်ထပ် featured လက်ရာတွေကိုပါထည့်သွင်းပြသခွင့်ရတဲ့အတွက်ရော ကျနော်တို့ကျူရေတိုရီရယ်အဖွဲ့သားတွေက ဂုဏ်ယူဝမ်းမြောက်ရပါတယ်။
- မေး - ဒီပြပွဲရဲ့ စိန်ခေါ်မှုတွေထဲမှာ ဘယ်အရာကအကြီးဆုံးဖြစ်မလဲ ပြောပြပေးပါဦး။
ဆဒ် ၊ ဒိုင်ယာနာ၊ မင်းချစ်ပိုင် - အချိန်ပါပဲ။
ပြပွဲတွေပြင်ဆင်တိုင်း အချိန်က ဘယ်တော့မှလောက်တယ်ရယ်လို့မရှိပါဘူး။ ဒါပေမယ့် ဒီပွဲကတော့ လုံးဝ next level ပါပဲ။ စီစဉ်ခဲ့ဖူးသမျှထဲမှာအကြီးဆုံးပွဲပါ။ ဘာလို့လဲဆိုတော့ နေရာ (၇) ခုမှာ အနုပညာရှင်၊ အနုပညာလက်ရာနဲ့ပရိုဂရမ်ပေါင်း (၅၀) ကျော်ပါဝင်နေတဲ့ပွဲကို အချိန်နှစ်လခွဲအတွင်းမှာ အကုန်လုံးစီစဉ်ရတဲ့အတွက်ကြောင့်ပါ။
ဒါပေမဲ့ စိန်ခေါ်မှုတိုင်းမှာဆုလာဘ်တွေရှိပါတယ်။ အနုပညာရှင်တွေ၊ ကော်လက်တစ်တွေရဲ့ ပံ့ပိုးမှုတွေလည်းအများကြီးပါပါတယ်။ သူတို့ရဲ့တက်ကြွတဲ့ တုံ့ပြန်မှုတွေ၊ နားလည်လက်ခံနိုင်စွမ်းတွေ၊ သူတို့ရဲ့လက်ရာတွေအပေါ်ထားတဲ့ကတိကဝတ်တွေနဲ့ ကျနော်တို့ကျူရေတိုရီရယ်အဖွဲ့သားတွေအပေါ် ထားရှိတဲ့ယုံကြည်မှုတွေကြောင့် ခရီးတစ်လျှောက်လုံးကြုံခဲ့ရတဲ့အခက်အခဲတွေအားလုံးက တန်ပါတယ်။
- မေး - ကျူရေတာတွေအနေနဲ့ ပြပွဲလာပရိတ်သက်တွေရဲ့ အခန်းကဏ္ဍကဘယ်လောက်အရေးပါတယ် ထင်လဲ ပြောပြပါဦး။
မင်းချစ်ပိုင် - ကျနော်ယုံကြည်တဲ့ ပထမဦးဆုံးစည်းမျဥ်းကတော့ ဘယ်လိုကျူရေရှင်းမျိုးမှာပဲဖြစ်ဖြစ် ပြပွဲလာပရိတ်သက်တွေရဲ့အယူအဆတွေကို ဘယ်တော့မှအထင်မသေးသင့်ဘူးဆိုတာပါပဲ။ ကမ္ဘာကြီးက ကြမ်းတမ်းပြီး မညီမျှတဲ့နေရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် art space တွေကတော့ အဲ့တာတွေကိုခုခံနိုင်မယ့်နေရာလေးတွေဖြစ်သင့်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီးအတွက် ဖြစ်နိုင်ချေတွေချန်ထားခဲ့နိုင်တဲ့ မေးခွန်းတွေ၊ လေ့လာစမ်းသပ်မှုတွေ တည်ရှိရာနေရာလေးတွေဖြစ်သင့်တယ်လို့လည်းထင်ပါတယ်။ အနုပညာက ဆန်းသစ်တီထွင်မှုအသစ်တွေ၊ ရှုထောင့်အသစ်တွေရဲ့ရှေ့တန်းမှာ အမြဲရှိနေပေမယ့် စိတ်မကောင်းစရာကောင်းတာကတော့ ပုံမှန်လူမှုအသိုင်းအဝိုင်းကနေသပ်သပ်စီဖြစ်နေတတ်တယ်။ ဒီပြဿနာက မြန်မာပြည်တစ်ပြည်တည်းဖြစ်နေတာရယ်လို့တော့ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးလည်း ဒီလိုပဲဖြစ်နေတာပါ။ ကျနော်တို့ကျူရေတိုရီရယ်အဖွဲ့သားတွေကတော့ အနုပညာဆိုတဲ့အရာက လူတွေရဲ့နေ့စဥ်ဘဝနဲ့အရမ်းအဝေးကြီးမဟုတ်ဘူးဆိုတာကို သတိချပ်စေချင်တယ်။ နေ့စဉ်ဘဝမှာ အနုပညာက အတူယှဉ်တွဲတည်ရှိနေပြီးသားပါ။ ကျနော်တို့က ရှာဖွေစူးစမ်းနေဖို့ပဲလိုတာပါ။
- မေး - ဒါဆို ဘက်စ်ကားမှတ်တိုင်တွေကို space တွေရဲ့ တည်နေရာအဖြစ်အသုံးပြုထားတာက အဲဒီ အကြောင်းအရင်းတွေကြောင့်လား။
ဒိုင်ယာနာ - သေချာတာပေါ့။ ပြီးတော့ ကျမတို့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မိုနာ အကြံပေးတဲ့အတိုင်း မြို့တစ်မြို့လုံးကိုဖြန့်ကျက်ထားတဲ့ စတယ်လိုက်ပုံစံပြပွဲအဖြစ်ဖန်တီးထားပါတယ်။ gallery space တွေကိုအဓိကထားတာထက် ခုဏကပြောသလို ကျမတို့နေ့စဥ်ဖြတ်သန်းနေတဲ့ ပတ်ဝန်းကျင်မှာအနုပညာလည်းအတူတကွတည်ရှိနေတယ်ဆိုတာ သတိထားမိအောင် space တစ်ခုခြင်းစီကို ဘတ်စ်ကားမှတ်တိုင်တစ်ခုခြင်းစီနဲ့ခြံရံထားတာပါ။ ရိုးရိုးလေးပါပဲ။ တကယ်တော့ ဒီပုံစံက ကျမတို့နဲ့ရင်းနှီးပြီးသားအရာတွေ၊ ပတ်ဝန်းကျင်တွေကို ရှုထောင့်အသစ်တွေကနေလေ့လာစူးစမ်းနိုင်ဖို့အခွင့်အရေးပါ။
- မေး - ဒီ art space တွေရဲ့ နာက်ကွယ်ကကျူရေတိုရီရယ်အကြောင်းပြချက်တွေကို ပြောပြပေးပါဦး။
ဆဒ် - ကျနော်တို့ Art Space တွေနဲ့ပတ်သက်ပြီးပြောရရင် ပထမဦးဆုံးအနေနဲ့ ဒီပြပွဲရဲ့ပင်မနေရာလို့ပြောလို့ရသလို အကျယ်ဆုံးလည်းဖြစ်တဲ့ Goethe-Institut မြန်မာ၊ တစ်နည်းပြောရရင် ရေခဲဆိုင်/ရှိ။ သူ့ ဘတ်စ်ကားမှတ်တိုင်နာမည်လေးက အတော်လေးသဘောကျစရာကောင်းတယ်လေ။ Goethe-Institut က ဒီမြန်မာနိုင်ငံမှာ အနုပညာ၊ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့ တောက်လျှောက်ပံ့ပိုးပေးခဲ့တဲ့ သမိုင်းလည်းရှိခဲ့ပါတယ်။ ကျနော်တို့ကလည်း ဒီ space မှာ အစောပိုင်းမော်ဒန်လက်ရာကနေ ဒီဂျစ်တယ်ခေတ်အထိ မျိုးဆက်အသီးသီးကအနုပညာရှင်တွေရဲ့မတူညီတဲ့လက်ရာတွေကို ဂရုတစိုက်ကျူရိတ်လုပ်ထားပါတယ်။ နောက်ပြီးတော့ ပန်းဆိုးတန်းလမ်းထောင့်က Sofaer & Co ရဲ့ ဒုတိယထပ်မှာရှိတဲ့ သမိုင်းနဲ့ချီပြီး မြန်မာအနုပညာရပ်ဝန်းရဲ့ နှလုံးအိမ်နဲ့စိတ်ဝိညာဉ်လည်းဖြစ်တဲ့ လောကနတ်ပြခန်း။ အဲဒီမှာဆိုရင် အဖြူရောင်နံရံတွေနဲ့မဟုတ်ဘဲ traditional ဖြစ်တဲ့ art space တစ်ခုမှာ contemporary လက်ရာတွေကိုမိတ်ဆက်ပေးရတာက တကယ်ကိုပျော်စရာပါ။ နောက် space တစ်ခုကတော့ ချစ်စရာကောင်းတဲ့ဇနီးမောင်နှံရဲ့ တောက်ပတက်ကြွတဲ့ အငွေ့အသက်တွေရှိတဲ့ ကလသာပြခန်းပဲဖြစ်ပါတယ်။ အဲဒီမှာတော့ ကျနော်တို့က ပြခန်းမှာရှိပြီးသားလက်ရာတွေ၊ ရှေးဟောင်းပစ္စည်းလေးတွေနဲ့ /ရှိ ကလက်ရာတွေကို အတူတူပြသဖို့စမ်းသပ်ထားပါတယ်။ ပြီးတော့ ဒီကလူငယ်တွေအသွားအလာများတဲ့ Myanm/art နဲ့အရသာခံတို့လည်းပါသေးတယ်။ Myanm/art မှာတော့ အတွင်းစိတ်ကိုပြန်လည်ကြည့်ရှုတဲ့အတွေ့အကြုံကိုပေးနိုင်ဖို့ပြင်ဆင်ထားပြီး အရသာခံမှာတော့ ရဲရင့်တဲ့ဖန်တီးမှုစွမ်းအင်တွေနဲ့ live ပါဖောမန့်လက်ရာ တွေထည့်သွင်းထားပါတယ်။ နောက်ဆုံးအနေနဲ့ ဒို့အိမ်ကနေ လှပတဲ့အမွေအနှစ် လူနေအိမ် space နှစ်ခုနဲ့အားဖြည့်ထားပါတယ်။ ဒီနေရာနှစ်ခုမှာတော့ နေ့စဉ်ထိတွေ့တဲ့အရာဝတ္ထုတွေကြားမှာ အနုပညာလက်ရာတွေကို ပုံစံတစ်မျိုးနဲ့ပြသဖို့စီစဥ်ထားပါတယ်။
- မေး - ဒီပြပွဲအတွက် သုတေသနနဲ့စာရေးသားခြင်းရဲ့အရေးပါတဲ့ အခန်းကဏ္ဍလေးကိုပြောပြပေးပါအုံး။
ဒိုင်ယာနာ - သိပ်ကိုအရေးကြီးပါတယ်။ စကားလုံးနှစ်လုံးစလုံးရဲ့အဓိပ္ပာယ်ကိုမညှိပဲ စကားလုံးတစ်လုံးရဲ့ဘေးမှာ နောက်စကားလုံးတစ်လုံးကိုထည့်လို့မရပါဘူး။ သင့်တင့်ဆီလျော်တဲ့ဇာတ်ကြောင်းကိုထိန်းကျောင်းခြင်းဟာ ကျမတို့လုပ်နေတဲ့ ကျူရေတိုရီရယ်အလုပ်မှာ သိပ်ကိုအရေးကြီးပါတယ်။ ဒါကြောင့် ဒီအချိန်တိုလေးအတွင်းမှာ ပြည်တွင်းပြည်ပအနုပညာပြပွဲတွေရဲ့အားသာချက်၊ အားနည်းချက်တွေကိုလေ့လာဖြစ်ခဲ့တယ်။ /ရှိ မှာပါတဲ့ artist အငယ်တွေရော၊ အကြီးတွေရောရဲ့ မျှော်မှန်းချက်တွေ၊ မျှော်လင့်ချက်အကြောင်းတွေလည်း သူတို့နဲ့ကျမတို့အများကြီးဆွေးနွေးဖြစ်ခဲ့ကြတယ်။ တကယ် လိုအပ်နေတဲ့ ကိုလိုနီပြုခြင်းခံထားရတဲ့အတွေးအခေါ်တွေကိုချွတ်ချနိုင်ဖို့ တိုင်ပင်ဆွေးနွေးမှုတွေကိုပါပြုလုပ်ခဲ့ကြသေးတယ်။ နောက်ပြီးတော့ /ရှိ ပြပွဲကဘယ်လိုအမှတ်သားမျိုးချန်ထားခဲ့ချင်သလဲ၊ အရှေ့တောင်အာရှနဲ့အပြည်ပြည်ဆိုင်ရာ အနုပညာသမိုင်းဆွေးနွေးမှုတွေမှာ ဘယ်လိုတစ်ထောင့်တစ်နေရာကနေပံ့ပိုးပါဝင်နိုင်မလဲဆိုတာတွေကိုပါ ကျမတို့စဉ်းစားခဲ့ပါတယ်။
- မေး - ကျူရေတိုရီရယ်အလေ့အကျင့်ဆိုတာကိုရော ဘယ်လိုဖော်ပြမလဲ ။
ဆဒ် - ကျူရေးရှင်းပိုင်းကို space တစ်ခုတည်းလို့မြင်ပြီးကန့်သတ်လိုက်တာက ဆိုးရွားတဲ့ချို့ယွင်းချက်လို့ ကျနော်ကတော့ မြင်တယ်။ ကျနော်တို့နားလည်လက်ခံထားတဲ့ကျူရေးရှင်းကတော့ အခြေအနေတွေကိုဖန်တီးခြင်းပဲဖြစ်ပါတယ်။ အနုပညာလက်ရာတွေနဲ့ကြည့်ရှုခံစားသူတွေ တွေ့ဆုံထိတွေ့နိုင်မယ့်အခြေအနေတွေပေါ့။ အခြေအနေဆိုတာမှာ နေရာ၊ အချိန်၊ မြင်ကွင်းတွေ၊ အသံတွေ၊ အရသာ၊ အနံ့ အားလုံးပါပဲ။ ဘာမဆိုဖြစ်နိုင်တယ်။ အငွေ့အသက်နဲ့ခံစားချက်တွေကို ကျူရေးရှင်းကတာဝန်ယူဖန်တီးသတ်မှတ်ပေးရပါတယ်။ လာရောက်ကြည့်ရှုမယ့်သူတွေက ပြပွဲကြေညာတာကိုစမြင်တဲ့အချိန်ကနေစပြီး ပြခန်းထဲကိုခြေလှမ်းလှမ်းလိုက်တာအလယ် အတွေးတွေနဲ့တဝဲလည်လည်ပြန်ထွက်သွားရတဲ့အဆုံး အခြေအနေအားလုံးကိုထည့်သွင်းစဥ်းစားရပါတယ်။
- မေး - /ရှိ မှာ အနုပညာလက်ရာတွေအပြင် ဘယ်လိုပရိုဂရမ်တွေပါဝင်ပါသေးလဲ။
ဒိုင်ယာနာ - /ရှိ အိဇ္ဇဘီးရှင်းက အနုပညာလက်ရာတွေနဲ့အနုပညာရှင်တွေအကြောင်းချည်းပဲ မဟုတ်ပါဘူး။ /ရှိ က ကပ်ရောဂါကြောင့်အဆက်အသွယ်ပြတ်တောက်နေတဲ့မေးခွန်းတွေကိုပြန်လည်အစချီဖို့ စကားလမ်းကြောင်းပြန်ကျောင်းပေးတဲ့ အခြေအနေတစ်ခုပါ။ လက်ရှိအနုပညာလောကရဲ့ပုံရိပ်ဆိုလည်းမမှားပါဘူး။ ဒီ ကျူရေတိုရီရယ်အဖွဲ့မှာ ဆွေးနွေးညှိနှိုင်းတာတွေနဲ့ အထောက်အထားပြုစုတာတွေရဲ့အရေးပါပုံကို သုံးယောက်လုံးကနားလည်လက်ခံကြတယ်။ ဒါကြောင့်လည်း အဆင်ပြေပြေအတူတူအလုပ်လုပ်လို့ရတာဖြစ်ပါတယ်။ ပြပွဲကိုစစီစဉ်တဲ့အဆင့်ကတည်းက အနုပညာရှင်တွေ၊ ပြပွဲတာဝန်ရှိသူတွေရဲ့ စကားသံတွေ၊ လာရောက်ကြည့်ရှုတဲ့သူတွေရဲ့ပြန်လည်တုံ့ပြန်မှုတွေကိုကြားနိုင်အောင် အစီအစဥ်တွေထည့်စဉ်းစားခဲ့ကြတယ်။ ဒါကြောင့် /ရှိ မှာ “နေရာ/လက်ရာ စကားဝိုင်း” တွေ၊ featured artists တွေတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်စကားဝိုင်းတွေ၊ ဘတ်စ်ကားနဲ့လည်ပတ်နိုင်တဲ့ခရီးစဉ်တွေ၊ အနုပညာရှင်တွေအပါအဝင် ယဉ်ကျေးမှုဆိုင်ရာအလုပ်တွေလုပ်နေတဲ့ပုဂ္ဂိုလ်တွေအတွက် စာတမ်းဖတ်ပွဲတွေလည်းပါဝင်မှာဖြစ်တယ်။ စနစ်ကျတဲ့ဝေဖန်အကြံပြုချက်တွေကို စာတန်း၊ ဆောင်းပါးတွေအဖြစ် အနုပညာနဲ့ပတ်သက်တဲ့စာရေးဆရာများကတင်ပြနိုင်ဖို့အတွက်လည်း “အနုပညာစာမူ၊ စာတမ်းဖိတ်ခေါ်ခြင်း/ရှိ” အစီအစဥ်လည်းပါဝင်ပါသေးတယ်။
- မေး - ဒီ ကျူရေတိုရီရယ်အဖွဲ့အနေနဲ့ နောင်အနာဂတ်အတွက် ဘယ်လိုမျှော်မှန်းချက်တွေ၊ အစီအစဥ်တွေရှိသေးလဲ။
ဆဒ် - ကျနော်တို့ကကျူရီတိုရယ်အဖွဲ့ဆိုပေမဲ့လည်း အနုပညာရပ်ဝန်းအတွက် ဆန္ဒတွေကိုယ်စီရှိကြပါတယ်။ အတွေ့အကြုံရင့်ပြခန်းမန်နေဂျာဖြစ်တဲ့ မင်းချစ်ပိုင်ရော၊ အနုပညာသမိုင်းပညာရှင်ဖြစ်တဲ့ ဒိုင်ယာနာရော၊ ကျူရေတာနဲ့ပြခန်းပိုင်ရှင်ဖြစ်တဲ့ ကျနော်အပါအဝင် တစ်ယောက်တစ်မျိုးစီပေါ့။ အခုအချိန်ကတော့ အနာဂတ်ကိုကြိုခန့်မှန်းဖို့အလွန်ခက်ခဲပေမဲ့ ကျနော်တို့မျှော်လင့်လို့ရတာကတော့ ဒီ /ရှိ ပြပွဲပြီးသွားရင်လည်း အခုလိုမျိုးပူးပေါင်းဆောင်ရွက်မှုတွေကို မတူညီတဲ့ art space တွေကတစ်ဆင့် ဆက်လက်ဆောင်ရွက်နေဖို့ပါပဲ။ နောက်တစ်ခုက စုဆောင်းသူတွေ၊ ကျူရေတာတွေ၊ အနုပညာရှင်တွေနဲ့ အနုပညာခံစားသူတွေကြား အပြန်အလှန်လေးစားမှုတွေပေါ် အခြေခံပြီး သက်တောင့်သက်သာနဲ့ပွင့်လင်းမြင်သာတဲ့ အချိတ်အဆက်တွေကိုကူညီဖော်ဆောင်ပေးချင်တယ်။ ပြည်တွင်းအနုပညာစျေးကွက်ကိုလည်း ပိုအသက်ဝင်လာစေချင်တယ်။ ဒီပြပွဲမှာတော့ ပါဝင်သူနဲ့လာကြည့်သူ၊ အနုပညာရှင်တွေနဲ့အနုပညာဝါသနာပါသူတွေအားလုံး ကိုယ်ပိုင်အနုပညာအငွေ့အသက်တွေကို တစ်နည်းနည်းနဲ့တော့ပြန်လည်အမှတ်ရစေမယ်ထင်ပါတယ်။ ဆက်လက်တည်ရှိနေခြင်းရဲ့အဓိပ္ပာယ်ကို ပြန်လည်စဥ်းစားဖြစ်မယ်ထင်တယ်။ အနည်းဆုံးတော့ ကိုယ့်စိတ်ထဲကမေးခွန်းတွေကို ဖြေဖို့အစဖော်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ရှေ့လျှောက်မှာ ကျနော်တို့ကျူရေတာအဖွဲ့အနေနဲ့ မတူညီတဲ့ပလက်ဖောင်းတွေ၊ ပညာရေးအစီအစဥ်တွေ ကတစ်ဆင့် အနုပညာရှင်တွေ၊ ဒီမှာရှိတဲ့ပြခန်းတွေ၊ စုဆောင်းသူတွေ၊ အများပြည်သူတွေနဲ့အဖွဲ့အစည်းတွေအတွက် ကျူရေတိုရီရယ်ချဉ်းကပ်မှုတွေကို ဆက်လက်မိတ်ဆက်ပေးချင်ပါတယ်။ ခေတ်ပြိုင်ချဥ်းကပ်မှုတွေကိုပိုမိုမြှင့်တင်ပြီးတော့ အနုပညာရှင်၊ သူတို့ရဲ့လက်ရာနဲ့လာရောက်ကြည့်ရှုသူကြား ဟန်ချက်ညီညီနဲ့ သိမ်မွေ့စွာချိန်ညှိပြီး တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ ကျနော်တို့အားလုံးအမှန်တကယ်ဂုဏ်ယူနိုင်တဲ့ ကျူရေတိုရီရယ်အဆင့်အထိရောက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။