Myanmar Photo Archive နှင့် Goethe-Institut Myanmar တို့သည် မြန်မာ့ဓာတ်ပုံသမိုင်းကြောင်းကို ပိုမိုကျယ်ပြန့်စွာသိရှိစေနိုင်မည့် စီမံကိန်းကို ပူးပေါင်းဆောင်ရွက်မည်အကြောင်း ၀မ်းမြောက်စွာ ကြေညာအပ်ပါသည်။ လာမည့်နှစ်နှစ်အတွင်းတွင် Myanmar Photo Archive နှင့် Goethe-Institut Myanmar မှ အနုပညာရှင်များ၊ စာရေးဆရာများနှင့် ပညာရှင်များအား မော်ကွန်းတိုက်တွင်စုဆောင်းထားသည့် ဓါတ်ပုံများကို အနုပညာလက်ရာအသစ်များအဖြစ် ပြန်လည်ဖန်တီးနိုင်မည့် အစီအစဉ်များလည်းပါ၀င်ပါသည်။ ယခုအစီအစဉ်တွင် ပုဂ္ဂလိကရုပ်ပုံများကို အဓိပ္ပါယ်ဖော်နိုင်ရန် အနုပညာရှင်များအတွက်လမ်းညွှန်ပံပိုးပေးမည့် အစီအစဉ်များ (Incubations)၊ ပြပွဲများနှင့် ဒီဂျစ်တယ်ဓါတ်ပုံများအဖြစ်ပြောင်းလဲခြင်း အစရှိသည်တို့ကိုလုပ်ဆောင်သွားမည်ဖြစ်ပါသည်။
Myanmar Photo Archive သည် ၂၀၁၃ ခုနှစ်မှစတင်ပြီး ဓာတ်ပုံများကို စုဆောင်းခဲ့သည်။ ၄င်းသည် မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဓာတ်ပုံများကိုစုစည်းထားသည့် မော်ကွန်းတိုက်တစ်ခုဖြစ်သည်။ မော်ကွန်းတိုက်သည် ဓာတ်ပုံနှင့်ဖန်တီးထားသောအနုပညာများနှင့် ယဉ်ကျေးမှုဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ဖန်တီးနိုင်ရန်နှင့် မော်ကွန်းအတွင်းရှိ ပစ္စည်းများအတွက် သမိုင်းကြောင်းဆိုင်ရာ အကြောင်းအရာများကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ပါသည်။ ထိန်းသိမ်းထားသည့်ပုံများထဲမှ အစောဆုံးပုံများသည် ၁၈၉၀ ခုနှစ်မှ ယခုဆယ်စုနှစ်အထိ အပိုင်းအခြားဖြစ်ပြီး ရုပ်ပုံများနှင့် ဓာတ်ပုံနဂတစ် သုံးသောင်းကျော်ကိုလည်း ထိန်းသိမ်းထားသည်။ ၂၀၁၈ ခုနှစ်တွင် Goethe-Institut Myanmar မှ ပံ့ပိုးကူညီမှုဖြင့် ပြပွဲနှင့်အတူ လူကြိုက်များသော Burmese Photographers စာအုပ်ကို ထုတ်လုပ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် Goethe-Institut Myanmar မှ ပံ့ပိုးကူညီမှုဖြင့် ပါ၀င်သည့် ပြပွဲနှင့်အတူ လူကြိုက်များသော Burmese Photographers စာအုပ်ကို ထုတ်လုပ်ခဲ့ပါသည်။ ထိုစာအုပ် အပါအဝင် မော်ကွန်းတိုက်ရှိဓါတ်ပုံများကို အနုပညာလက်ရာဖန်တီးပြီး စာအုပ်အဖြစ် စုစုပေါင်း (၆) အုပ် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်များသည်ပွဲတော်များနှင့် ပြိုင်ပွဲများတွင် ဆုရွေးချယ်စာရင်း၀င်ပြီး ပြည်တွင်း၌သာမက နိုင်ငံတကာတွင်ဖြန့်ချီနိုင်ခဲ့သည်။ Myanmar Photo Archive သည် ရန်ကုန်မြို့တွင် Goethe-Institut Myanmar နှင့် တွဲဖက်၍ ဓာတ်ပုံစာအုပ်များဖန်တီးသည့် အလုပ်ရုံဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ပါသည်။
မြန်မာနိုင်ငံတွင်း အခြေအနေအရပ်ရပ်များ နှင့် ကမ္ဘာကပ်ရောဂါဖြစ်ပွားမှုများကြောင့် Myanmar Photo Archive ကို ရပ်နားထားခဲ့ရသော်လည်း ယခုအခါတွင် အစီအစဥ်များကို ပြန်လည်ဆောင်ရွက်တော့မည်ဖြစ်ပါသည်။ Goethe-Institut Myanmar ၏ အထူးထောက်ပံ့ကူညီမှုဖြင့် Myanmar Photo Archive သည် တဖန်အသက်ဝင်လာပြီဖြစ်ပြီး မြန်မာ့သမိုင်းကြောင်းဆိုင်ရာ ဓာတ်ပုံမော်ကွန်းအား ပိုမိုကျယ်ပြန့်လာစေနိုင်မည့် ရေရှည်စီမံကိန်းတစ်ခုကို ဆောင်ရွက်ရန် ရည်မှန်းထားပါသည်။ Goethe-Institute Myanmar နှင့် Myanmar Photo Archive တို့ ၏ ပူးပေါင်းဆောင်ရွက်မည့် အစီအစဥ်တွင် ယဥ်ကျေးမှုသမိုင်းကြောင်းဆိုင်ရာ အကြောင်းအရာများ နှင့် ဓာတ်ပုံမော်ကွန်းတွင် စုဆောင်းထားသည့် ဓာတ်ပုံများ ကိုသုံး၍ အနုပညာများ တဆင့်ပြန်လည်ဖန်တီးခြင်းကို စိတ်ဝင်စားကြသော နိုင်ငံတကာ နှင့် ပြည်တွင်းမှ အနုပညာရှင်များ၊ စာရေးဆရာများ၊ ပညာရှင်များ နှင့် ပူးပေါင်း၍ အမျိုးမျိုး သော လူမှုဝန်းကျင် ရှိ အမြင်ဆိုင်ရာ အနုပညာလက်ရာများကို တိုးချဲ့စုဆောင်းနိုင်ရန် လုပ်ဆောင်သွားဖို့ ရည်မှန်းထားပါသည်။
Goethe-Institut Myanmar နှင့် Myanmar Photo Archive တို့ကြား ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်း၏ရည်ရွယ်ချက်မှာ ထိန်းသိမ်းထားသည့် ဓါတ်ပုံများကို လူအများ၀င်ရောက်ကြည့်ရူလေ့လာနိုင်ရန်၊ နိုင်ငံတကာမှ မြန်မာ့သမိုင်းကို အခြားသောရှု့ထောင့်များမှ စိတ်၀င်စားလာစေရန်နှင့် ကျယ်ပြန့်စွာသိမြင်လာစေရန် ဖြစ်ပါသည်။ ထိုရည်ရွယ်ချက်များကို ပြည့်မှီနိုင်ရန်အတွက် အနုပညာရှင်များအတွက်လမ်းညွှန်ပံပိုးပေးမည့် အစီအစဉ်များ (Incubations)၊ ဒီဂျစ်တယ်ဓါတ်ပုံများအဖြစ်ပြောင်းလဲခြင်း၊ တမူထူးခြားသည့် စာအုပ်ပုံစံများစီစဉ်ထုတ်ဝေခြင်း၊ အသစ်ဖန်တီးထားသောအနုပညာလက်ရာများဖြင့် ပြပွဲများစသည်တို့ကို ပြုလုပ်ဖန်တီးသွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်များကိုမြန်မာနိုင်ငံတွင်ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ့သမိုင်းကြောင်းကို ကျယ်ပြန့်စွာသိရှိလာစေရန် နိုင်ငံတကာပုံနှိပ်တိုက်များနှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ပါသည်။