Coding da Vinci
ယဥ်ကျေးမှုကဏ္ဍအားဒစ်ဂျစ်တယ်စနစ်ဖြင့်အသက်သွင်းခြင်း
ပြတိုက်နှင့်မော်ကွန်းတိုက်များတွင် လာရောက်ကြည့်ရှုသူများသည် ပုံမှန်အားဖြင့် မှောင်မဲနေသောပြခန်းများ၏ မှန်ဗီရိုများမှတဆင့်သာ အနုပညာလက်ရာများကို ကြည့်ရှုခံစားကြရသည်။ ယခုဆိုလျှင် ၎င်းလက်ရာများကို ပိုမိုထိတွေ့ခံစားနိုင်တော့မည်ဖြစ်သည်။ ယဉ်ကျေးမှုဆိုင်ရာ Hackathon "Coding da Vinci" ကျေးဇူးဖြင့် ပြတိုက်အသီးသီးမှ အဖိုးတန်အမွေအနှစ်များ ဒစ်ဂျစ်တယ်စနစ်ဖြင့် မည်သို့အသက်ဝင်လာသည်ကို တွေ့ရှိနိုင်ပေမည်။
သမာရိုးကျပြတိုက်များသည် လည်ပတ်သူများ၏ စိတ်ကူးစိတ်သန်းကွန့်မြူးမှုအပေါ်တွင် တည်ဆောက်ထားပါသည်။ ထိန်းသိမ်းကာကွယ်ထိုက်သော ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်များကို ထိတွေ့ကိုင်တွယ်ခွင့် နှင့် အစမ်းအသုံးပြုခွင့် မရရှိသောကြောင့် ၎င်းတို့သည် မည်သို့စွမ်းဆောင်နိုင်ခဲ့ကြသည် သို့မဟုတ် မည်သို့ သုံးစွဲခံခဲ့ရသည်ကို ကြည့်ရှုသူများက မှန်းဆတွေးကြည့်ရသည်။ မှတ်တမ်းများနှင့် သတင်းအချက်အလက်များကိုလည်း တတ်နိုင်သမျှ မြင်သာအောင် ပြင်ဆင်ပြသထားသော်လည်း လာရောက်ကြည့်ရှုသူများအနေဖြင့် အဖြစ်အပျက်များကို ထိုမှတစ်ဆင့် မှန်းဆရုံသာလုပ်နိုင်သည်။ ယဉ်ကျေးမှုဆိုင်ရာ Hackathon စီမံကိန်းတစ်ခု၏ လတ်တလောဥပမာများကိုကြည့်လျှင် ခင်းကျင်းပြသထားသောလက်ရာများကို ဒစ်ဂျစ်တယ်ကမ္ဘာထဲတွင် ထိတွေ့ခွင့်ရအောင် ပြုလုပ်နိုင်ခဲ့ကြသလို သမိုင်းဝင်နေရာများကိုလည်း နည်းပညာသုံးကာ လက်တွေ့ရောက်ရှိနေသကဲ့သို့ ဖန်တီးနိုင်ကြောင်း တွေ့ရပေမည်။
ဥပမာအားဖြင့် VR နည်းပညာသုံးပြပွဲ "Kleid-er-leben" (ဝတ်စားဆင်ယင်မှုအတွေ့အကြုံ)တွင် နည်းပညာအကူအညီဖြင့် ဖန်တီးထားသည့် ဝတ်စုံကိုဝတ်ဆင်၍
Historischer Museum Frankfurt (ဖရန့်ဖွတ်သမိုင်းပြတိုက်)မှ လွန်ခဲ့သောရာစုနှစ်များက ဝတ်ဆင်ခဲ့ကြသည့် အဝတ်အစားများက လှုပ်ရှားမှုဖြစ်နိုင်ခြေကို မည်သို့ကန့်သတ်ထားသည်ကို လက်တွေ့သိရှိနိုင်ပေမည်။ စမ်းသပ်ကြည့်ရှုလိုသူက သမိုင်းပြတိုက်ထဲတွင် ပြသထားသည့် ဝတ်စုံများထဲမှ အဝတ်အစားတစ်စုံကို ရွေးချယ်ပြီး နည်းပညာကို အသုံးပြု၍ အတုအယောင်ဖန်တီးထားသည့်ခေတ်အခန်းထဲတွင် လှုပ်ရှားသွားလာကာ မိမိကိုယ်မိမိ ကြေးမုံပြင်တွင် ကြည့်ရှုနိုင်ပါသည်။ Museumstiftung Post und Telekommunikation ( ပြတိုက်ဖောင်ဒေးရှင်း - စာတိုက်နှင့်ဆက်သွယ်ရေး) ၏ ရှေးကျသော တယ်လီဖုန်းများသည် RingRing ဂိမ်းတွင် တစ်ဖန်ပြန်လည်အသက်ဝင်လာသည်။ ပြတိုက်ထဲတွင် ပြသထားသော တယ်လီဖုန်းများသည် ပြခန်းဗီရိုများထဲတွင် လှုပ်ရှားမှုမရှိ ဆိတ်ငြိမ်နေပြီး လာရောက်ကြည့်ရှုအသုံးပြုသူက မော်ဒယ်အမျိုးအစားအလိုက် တယ်လီဖုန်းတစ်လုံးစီတိုင်းကို မှန်ကန်သော ဖုန်းမြည်သံနှင့် ယှဉ်တွဲသတ်မှတ်ပေးနိုင်သည့်အခါမှ အက်ပလီကေးရှင်းထဲတွင် ဖုန်းသံစတင်မြည်လာသည်။ ၂၀ရာစု အစောပိုင်းနှစ်များမှ အထူးခြားဆုံးဖြစ်သော သတင်းဆောင်းပါးများကို စုဆည်းထားသည့် "Altpapier" အက်ပလီကေးရှင်းသည် သုံးစွဲသူများကို နိုင်ငံရေးအရဖျော်ဖြေမှုရရှိစေရာ စမတ်ဖုန်းနှင့်အင်တာနက်မှတစ်ဆင့် နေရာတိုင်းတွင် ဖျော်ဖြေရေး နှင့် သမိုင်းဆိုင်ရာပညာပေးကို တစ်ပေါင်းတစ်စည်းတည်း ရနိုင်သည်။
အများစု မရှိတော့ပြီဖြစ်သော ဘာလင်တံတိုင်းကြီးကိုပင်လျှင် အတုအယောင်ကမ္ဘာထဲတွင် ထိတွေ့ခံစားနိုင်ပြီဖြစ်သည်။ Stiftung Berliner Mauer (ဘာလင်တံတိုင်းဖောင်ဒေးရှင်း) ၏ မော်ကွန်းတိုက်ကို လူထုလက်ထဲသို့ တိုက်ရိုက်ရောက်ရှိအောင် ပရိုဂရမ်မာများက ယူဆောင်ပေးခဲ့ကြသည်။ ဘာလင်မြို့သို့ လာရောက်သူများသည် လမ်းလျှောက်လည်ပတ်စဉ်တွင် "Berliner MauAR"အက်ပလီကေးရှင်း ကို ဒေါင်းလုတ်ဆွဲ၍ မြို့ကို ပိုင်းခြားထားခဲ့သည့် မူလနေရာက ဘာလင်တံတိုင်းကို ဖုန်းမျက်နှာပြင်ပေါ်တွင် တွေ့မြင်နိုင်ပေသည်။ သို့မဟုတ် တံတိုင်းပတ်ပတ်လည် လမ်းလျှောက်နိုင်ပေသည်။ GPS ခြေရာခံစနစ်ကို အသုံးပြု၍ စမတ်ဖုန်းများသည် အသုံးပြုသူများအား ရောက်ရှိနေသည့်နေရာတွင်ရှိသော သမိုင်းရုပ်ပုံလွှာများကို ပြသပေးသည်။ သို့မဟုတ် ဂျာမန်ဒီမိုခရစ်တစ်အစိုးရ (GDR- အရှေ့ဂျာမနီ) က မြို့တော်၏အနာဂတ်ကို မည်သို့ပုံဖော်ခဲ့သည်ကို "Aufbau Ost-Berlin" ( အရှေ့ဘာလင် ပြန်လည်တည်ဆောက်မှု) ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ကြည့်ရှုနိုင်သည်။ ဝက်ဘ်ဆိုဒ်များ နှင့် မိုဘိုင်းအက်ပလီကေးရှင်းများသည် အမျိုးမျိုးသောခေါင်းစဉ်များဖြင့် အလည်အပတ်အစီအစဉ်များကို အကြုံပြုကြပြီး နေရာအသီးသီးတွင် တစ်ချိန်က လွှမ်းမိုးအုပ်ချုပ်ခဲ့သည့် အရှေ့ဂျာမနီ GDR ၏ ရည်မှန်းချက်အမြင်များကို ဖော်ထုတ်ပြသပေးသည်။
သီတင်းပတ် ခြောက်ပတ်မျှအတွင်း တစ်ဒါဇင်ထက်ပိုသော စီမံကိန်းသစ်များ
ညဏ်ရည်မြှင့် ကွန်ပျူတာပရိုဂရမ်စနစ်ဖြင့် သိုလှောင်ထားသည့် သုတများကို ပိုမိုပျံ့နှံ့ရရှိကြစေရန်၊ ပိုမိုရှင်းလင်းပြတ်သားစေရန်နှင့် ပိုမို၍ ဖျော်ဖြေမှုပေးနိုင်ရန် ထိုဒစ်ဂျစ်တယ်အက်ပလီကေးရှင်းများက ဆောင်ရွက်ပေးသည်။ ၎င်းတို့သည် ရေရှည် ငွေကုန်ကြေးကျများသော အကြီးစားစီးမံကိန်းများ၏ ရလဒ်များမဟုတ်ပါ။ ဆန့်ကျင်ဘက်အနေဖြင့် - ယဉ်ကျေးမှုဆိုင်ရာ Hackathon Coding da Vinci တွင် သီတင်းပတ် ၆ ပတ်ထက် မပိုသော အချိန်ကာလအတွင်း ၎င်းတို့ကို ဖန်တီးခဲ့ကြသည်။ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းများနှင့် ကဏ္ဍမျိုးစုံမှ နည်းပညာကျွမ်းကျင်သူများသည် ယဉ်ကျေးမှု နှီးနှောဖလှယ်တုံ့ပြန်ခြင်းဖြင့် သင့်မြတ်နားလည်မှု ရရှိရန်အတွက် အတွေးအမြင်အသစ်များ ဖော်ထုတ်ရန် အတူတကွ ပူးပေါင်းကြသည်။ ဤတွင် စီမံကိန်းကာလကို အတိအကျသတ်မှတ်ထားပြီး စီးပွားရေးနောက်ခံအကြောင်းအရင်းများမပါဝင်ပါ။ယဉ်ကျေးမှုဆိုင်ရာအင်စတီကျူးရှင်းအများစုသည် စုဆောင်းထားသည့် ပစ္စည်းများကို ဒီဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲသိမ်းဆည်းကြသည်။ အက်ပလီကေးရှင်း အသစ်များကို ဖြစ်နိုင်သမျှအချိန်တိုအတွင်း ဖန်တီးနိုင်သည်ဟူသောအချက်သည် အဓိကအားဖြင့် လိုအပ်သော အရင်းအမြစ်များကို ယခင်ကတည်းက ရရှိနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ များစွာသော ပြတိုက်များ၊ မော်ကွန်းတိုက်များ၊ စာကြည့်တိုက်များနှင့် ပြခန်းများသည် အဖိုးထိုက်လက်ရာများကို လုံခြုံစွာသိမ်းဆည်းပြီး အမျိုးအစားခွဲခြားရန် ဒီဂျစ်တယ်ဒေတာအစုများကို ဖန်တီးခဲ့ကြသည်။ မူရင်းလက်ရာ မူရင်းအရွယ်အစားအတိုင်း ပြသထားသော အတိအကျအသေးစိတ်ပေါ်လွင်သည့် စစ်မှန်သော ပန်းချီမိတ္တူများ၊ သမိုင်းဆိုင်ရာအသံဖိုင်များ ၊ သုံးဖက်မြင်ရုပ်လုံးကြွ ဒိုင်နိုဆောအရိုးစုဓာတ်မှန်များ စသည့် အဖိုးတန်ဒေတာများကို ယဉ်ကျေးမှုဆိုင်ရာအင်စတီကျူးရှင်းများက ၎င်းတို့၏ ဆာဗာများပေါ်တွင် သိမ်းဆည်းထားကြသည်။ ယခုအထိ ၎င်းဒေတာများကို အများအားဖြင့် အင်စတီကျူးရှင်းအတွင်း၌သာ သို့မဟုတ် သုတေသနရည်ရွယ်ချက်များအတွက်သာအသုံးပြုကြသည်။ ထိုအရာသည် Hackathon တွင် ပြောင်းလဲသွားသည်။ Hackathon သည် ရှိရင်းစွဲအချက်အလက်များကို အသစ်တစ်ဖန်ပြန်လည်အသုံးပြုရန် ကောင်းမွန်သည့်နည်းစနစ်တစ်ခုဖြစ်သည်။
ယဉ်ကျေးမှုဆိုင်ရာ Hackathon ကို Deutsche Digitale Bibliothek ( DDB - ဒစ်ဂျစ်တယ်စာကြည့်တိုက်၊ဂျာမနီ)၊ Forschungs- und Kompetenzzentrum Digitalisierung Berlin (digiS - ဒစ်ဂျစ်တယ်စနစ်ဆိုင်ရာ သုတေသန နှင့် ကျွမ်းကျင်မှုစင်တာ၊ ဘာလင်) ၊ Open Knowledge Foundation Germany နှင့် Wikimedia Germany တို့ပါဝင်သော ယဉ်ကျေးမှုဆိုင်ရာ သတင်းအချက်အလက်များမျှဝေသည့်အဖွဲ့အစည်းများက ၂၀၁၄ ခုနှစ်တွင် စတင်၍ အကောင်အထည်ဖော်ခဲ့ကြသည်။ ထိုအချိန်မှစ၍ Hackathon ကို ဂျာမနီနိုင်ငံရှိ မတူညီသောဒေသများတွင် တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ကျင်းပခဲ့ကြသည်။ ဖက်ဒရယ်ယဉ်ကျေးမှုဖောင်ဒေးရှင်း ( Kulturstiftung des Bundes) ၏ ထောက်ပံ့မှုဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း Hackathon ပြပွဲ (၈)ခုကို ဆက်လက်ကျင်းပသွားရန်ရှိသည်။ မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် တက်ရောက်ကြသည့် ယဉ်ကျေးမှုဆိုင်ရာအင်စတီကျူးရှင်းများက စုဆောင်းထားသည့် ဒေတာများကို တင်ပြကြသည်။ ဒီဇိုင်နာများ၊Developer များ၊ ဂရပ်ဖစ်ဒီဇိုင်းနာများ၊ ပြတိုက်မှူးများ၊ အနုပညာရှင်များ၊ ဟက်ကာများ၊ Game Developer များ ပါဝင်ကြသည့် ပညာရပ်ဆိုင်ရာနယ်ပယ်အသီးသီးမှ စည်းစနစ်တကျဖွဲ့စည်းထားသည့် အဖွဲ့အစုများသည် စီမံကိန်းများအတွက် အက်ပလီကေးရှင်းများ၊ ဂိမ်းများ သို့မဟုတ် အမြင်ဆိုင်ရာ သတင်းအချက်အလက်ဆိုင်ရုပ်ပုံကားချပ်များပြုလုပ်ဖန်တီးရန် အကြံဉာဏ်များကို စုဆောင်းဖလှယ်ကြသည်။ ထိုစီမံကိန်းများကို သီတင်းပတ် ခြောက်ပတ်အတွင်း ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ကြသည်။ မူလကတည်းက ရရှိထားသည့် အချက်အလက်များကို အသုံးပြုနိုင်ခဲ့ပြီး ပျမ်းမျှအားဖြင့် သီတင်းပတ်အနည်းငယ်အတွင်းတစ်ဒါဇင်ထက်ပိုသော စီမံကိန်းများမှ ထုတ်ကုန်အသစ်စစ်စစ်များကို ဖန်တီးကြသည်။
ယဉ်ကျေးမှုကဏ္ဍ၏ အလားအလာကို အသုံးချခြင်း
Coding Da Vinci ၏ စီစဥ်သူများသည် ယဉ်ကျေးမှုဆိုင်ရာအင်စတီကျူးရှင်းများအား စီမံကိန်းများမှတစ်ဆင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲစုဆောင်းထားသော ပစ္စည်းများကိုအများပြည်သူ လက်လှမ်းမှီအောင် လုပ်ဆောင်ကြရန် တွန်းအားပေးလိုကြသည်။ _ " ၎င်းတို့ကို ပြည်သူ့ဘဏ္ဍာဖြင့် ဖန်တီးခဲ့သည့်အတွက် ၎င်းဒေတာများကို လူတိုင်း လွပ်လပ်စွာ ရရှိနိုင်ရန် ထားရှိသင့်ပါသည်။" ဟု အကြောင်းပြပြောဆိုခဲ့သည်။ ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများအားလုံးကို ပြပွဲများအဖြစ် မပြသနိုင်သေးသည့်တိုင်အောင် များစွာသောပစ္စည်းများသည် ပြတိုက်များ၏ သိုလှောင်ခန်းထဲတွင်သာ ရှိနေကြသေးသည်။ ထို့ကြောင့် ၎င်းတို့ကို အများပြည်သူများ ကြည့်ရှုခွင့်မရပေ။ အကယ်၍ ဒီဂျစ်တယ်စနစ်ဖြင့် ၎င်းတို့ကို လက်လှမ်းမှီအောင် ပြုလုပ်မည်ဆိုပါက ကောင်းမွန်သော ပြောင်းလဲမှုဖြစ်မည်ဟု Coding da Vinci တီထွင်သူများက ယုံကြည်ကြသည်။ Hackathon စီမံကိန်းများသည် ဒီဂျစ်တယ်နည်းပညာနှင့် ရင်းနှီးကျွမ်းဝင်ကြသော လူငယ်များ ယဉ်ကျေးမှုနှင့်ပြတိုက်များအပေါ် စိတ်အားထက်သန်လာစေ ရန်ရည်ရွယ်ပါသည်။ ထို့အတွက် ဒစ်ဂျစ်တယ်စနစ်ဖြင့် အသုံးပြုနိုင်မည့် အထောက်အပံ့များပိုမိုလိုအပ်ပါသည်။
ဒီဂျစ်တယ်စုစည်းမှုများကို ဖွင့်လှစ်ပေးရန် နည်းပညာအရ ခက်ခဲလိမ့်မည်မဟုတ်သော်လည်း ဒေတာအလွဲသုံးစားပြုလုပ်ခြင်း သို့မဟုတ် စီးပွားဖြစ်ရောင်းချခြင်းများကို ကြောက်ရွံ့ကြသောကြောင့် ယဉ်ကျေးမှုဆိုင်ရာအင်စတီကျူးရှင်းများစွာ က တွန့်ဆုတ်နေကြသည်။ ယဉ်ကျေးမှုဆိုင်ရာအင်စတီကျူးရှင်းများ၏ ဒေတာထိန်းချုပ်မှုအပေါ် ဆုံးရှုံးမှုအား ကြောက်ရွံ့ခြင်းကို ကျော်လွှားရန် အကူအညီပေးရမည်ကို Coding da Vinci Rhein-Main ၏ စီမံကိန်းညှိနှိုင်းရေးမှုး Elisabeth Klein က စီမံကိန်း၏တာဝန်တစ်ရပ်အဖြစ် ရှုမြင်သည်။ ယဉ်ကျေးမှုဆိုင်ရာအင်စတီကျူးရှင်းများသည် Hackathon တွင် ဟက်ကာအသိုင်းအဝိုင်းနှင့် ချိတ်ဆက်နိုင်ကြသည်။ ပရိုဂရမ်မာများ၊ တီထွင်ကြံဆသူများနှင့်လည်း အဆက်အသွယ်ရယူနိုင်ပြီး တစ်ချိန်တည်းမှာ ဒေတာအချက်အလက်များကို အများပြည်သူထံ ဖွင့်လှစ်ပေးခြင်းမှ ပေါ်ပေါက်လာနိုင်သော အမျိုးမျိုးသောစီမံကိန်းများကို ထဲထဲဝင်ဝင် သိမြင်နားလည်သွားကြသည်။
Bonner Haus der Geschichte der Bundesrepublik Deutschland ( ဂျာမနီဖစ်ဒရယ်သမ္မတနိုင်ငံသမိုင်းပြတိုက်၊ ဘွန်းမြို့ )
မှ Ruth Rosenberger က Codi da Vinci တွင် သူမပါဝင်တက်ရောက်မှုကို ချွင်းချက်မဲ့ အကောင်းရှုမြင်သည် ။ " စီမံကိန်းတွေရဲ့ အဆင့်အတန်းမြင့်မှုကိုတော့ ကျွန်မ တကယ်ပဲ လေးစားမိပါတယ်။ ကျွန်မတို့ရဲ့စုဆောင်းမှုထဲက မှတ်တမ်းဓာတ်ပုံတွေကို လတ်ဆတ်တဲ့ စိတ်ကူးအမြင်တွေနဲ့ ကြည့်ရှုပေးခဲ့ကြတဲ့ ပညာရပ်ဆိုင်ရာနယ်ပယ်အသီးသီးက စည်းစနစ်ကျနတဲ့ လူငယ်လူရွယ်အဖွဲ့နဲ့ လက်တွဲလုပ်ကိုင်ရတာ စိတ်လှုပ်ရှားစရာပါပဲ။ ခေတ်မှီတဲ့ပြတိုက်တစ်ခုဟာ အင်တာနက်စာမျက်နှာပေါ်မှာ နေရာယူရပါမယ်။ [......] ယဉ်ကျေးမှုဆိုင်ရာ Hackathon ဟာ ကျွန်မတို့ကို ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းသစ်များကို ရှာဖွေဖို့ ကူညီပေးပါတယ်။ "