ရုပ်ရှင်လုပ်ငန်းမှမတူကွဲပြားစုံလင်မှုများ
ကျွန်ုပ်တို့အားလုံးသည်အတုယူရန်စံနမူနာထားထိုက်သူများသာ
ရုပ်ရှင်မင်းသမီး၊ ဒါရိုက်တာနှင့်ထုတ်လုပ်သူဖြစ်သည့် Sheri Hagen သည် ဂျာမန်ရုပ်ရှင်လုပ်ငန်းတွင်မတူကွဲပြားစုံလင်မှုကိုပို၍မြှင့်တင်ရန် တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သည်။ ဤတွင်မေးရမည့်မေးခွန်းမှာ ကင်မရာရှေ့နှင့်ကင်မရာနောက်ကွယ်တွင် မည်သည်ကိုပြောင်းလဲရမည်နည်း။
Ms.Hagen ဒီနှစ်ရဲ့ “Diversity in Film” ရဲ့လေ့လာချက်မှာ ခွဲခြားဆက်ဆံမှုက ဂျာမန်ရုပ်ရှင်လုပ်ငန်းရဲ့အဓိကပြဿနာဖြစ်နေကြောင်း ဖော်ပြထားပါတယ်။ တွေ့ရှိချက်က အွန်လိုင်းကနေစာရင်းကောက်ယူထားတဲ့ရလဒ်ဖြစ်ပါတယ်။ အဲဒီစစ်တမ်းကောက်ယူမှုကို (၂၀၂၀) ခုနှစ်၊ ဇူလိုင်လကနေ အောက်တိုဘာလအထိပြုလုပ်ခဲ့ပြီး အတတ်ပညာအမျိုးပေါင်း (၄၄၀) က ရုပ်ရှင်ရိုက်ကူးသူ (၆၀၀၀) ကျော်ပါဝင်ခဲ့ပါတယ်။ Hagen အနေနဲ့ စစ်တမ်းမေးခွန်းလွှာထဲက အကြောင်းအရာတွေကိုသီးသန့်စီစဉ်တဲ့အဖွဲ့မှာဘာလို့ပါဝင်ခဲ့တာလဲ။
ကျွန်မက ကင်မရာရှေ့နဲ့ကင်မရာနောက်ကွယ်မှာ ကျွန်မတို့တွေ ဘယ်လောက်တောင်မတူကွဲပြားနေလဲဆိုတာကို သိချင်ခဲ့တာပါ။ ကျွန်မရဲ့ငြီးငွေ့စရာကောင်းလောက်အောင်ထပ်တလဲလဲဖြစ်နေတဲ့အမြင်ကပဲ မျက်စိမှောက်နေသလား။ ဒါမှမဟုတ် အဲဒီအရေအတွက်တွေက ကျွန်မတို့ရဲ့ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားထုတ်လွှင့်မှုစနစ်မှာ ဖယ်ကြဉ်ချန်လှပ်မှုတွေနဲ့လုပ်ဆောင်နေကြတယ်ဆိုတာကိုပဲ သက်သေပြနေသလားလို့သိချင်မိတာပါ။
ရလဒ်နဲ့ပတ်သက်လို့ ခင်ဗျားအတွက် အံ့ဩမိခဲ့ရတာမျိုးရှိလား။
အမျိုးသမီးထုရဲ့ (၈၁) ရာခိုင်နှုန်းက အလုပ်ခွင်မှာလိင်အကြမ်းဖက်မှုမျိုးစုံကိုကြုံတွေ့နေရတယ်ဆိုတဲ့အချက်ရယ်၊ တခြားနိုင်ငံကနေပြောင်းရွှေ့အခြေချခဲ့တဲ့နောက်ကြောင်းရာဇဝင်ရှိတဲ့လူတွေရဲ့ (၇၀) ရာခိုင်နှုန်းကျော်က သူတို့တွေကိုဖန်တစ်ရာထပ်နေတဲ့ပုံစံအဖြစ်ဖော်ပြခံရတယ်လို့ မြင်နေကြတယ်ဆိုတဲ့အချက်ပါပဲ။ ဒီအချက်တွေအရ ရုပ်ရှင်ထဲမှာပါတဲ့ အကြောင်းအရာတွေက တချို့ပရိသတ်တွေကိုပဲဦးတည်ထားတယ်ဆိုတဲ့ အချက်ကိုအတည်ပြုပေးလိုက်တာပါပဲ။
လေ့လာမှုကိုထုတ်ပြန်ကြေညာလိုက်တဲ့အချိန်ကစပြီး တစ်ခုခုပြောင်းလဲသွားတာမျိုးရှိလား။
အသင်းအဖွဲ့တွေနဲ့ ရုပ်ရှင်အဖွဲ့အစည်းတွေမှာအကျယ်တဝင့်ဆွေးနွေးတာတွေကိုဖြစ်ပေါ်လာစေပေမဲ့ ခြေလှမ်းကြီးကြီးလှမ်းနိုင်ဖို့သတ္တိနဲ့ ရုပ်ရှင်တွေမှာမတူကွဲပြားစုံလင်မှုကို အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လစ်လပ်နေတုန်းပဲ။ ရုပ်ရှင်ငွေကြေးထောက်ပံ့ရေးအသင်းအဖွဲ့တွေကိုစိစစ်ဖို့က မလုပ်မဖြစ်လိုအပ်နေတယ်။ အတားအဆီးမရှိတဲ့ လုပ်ပိုင်ခွင့်မျိုးရရှိနိုင်ဖို့အတွက်ဆိုရင် ထုတ်လုပ်ရေးပိုင်းတွေမှာငွေအင်အားတောင့်ရမယ်။ ခွဲခြားဆက်ဆံမှုတွေကိုလျှော့ချဖို့အတွက် ရုပ်ရှင်ကို အသိပညာပေးတဲ့အရာအဖြစ်မြင်ကြရမယ်။ ဒီလိုနဲ့ အားလုံးအတွက်စံနမူနာယူလို့ရတဲ့ပုဂ္ဂိုလ်တွေကိုထည့်သွင်းပြီးတော့ လူတွေကို သူတို့ရဲ့ကွဲပြားမှုတွေကိုပြပေးနိုင်ရပါမယ်။
မတူကွဲပြားမှုကိစ္စရပ်တွေက ရုပ်ရှင်ရန်ပုံငွေကိစ္စရပ်တွေမှာ ဘယ်လိုအခန်းကဏ္ဍမှာပါဝင်နေလဲ။
ဂျာမနီက ပိုမိုတဲ့မတူကွဲပြားမှုတွေကို အမှန်တကယ်လိုလားသလားဆိုတာကျွန်မ မသေချာပါဘူး။ ပါဝင်တဲ့အကြောင်းအရာတွေကတော့ ပြောင်းလဲခဲပါတယ်။ ပြီးတော့အရေအတွက်အရ မတူကွဲပြားမှုတွေပေါင်းစပ်ထားတဲ့ အဖွဲ့တွေကလည်းအရမ်းနည်းနေပါသေးတယ်။ ဥပမာ တကယ့် အဓိကရာထူးနေရာတွေမှာ နက်မှောင်တဲ့အသားအရေရှိသူတွေ မသန်စွမ်းသူတွေကို တွေ့ရခဲပါတယ်။ ကင်မရာနောက်ကွယ်မှာ ပါဝင်တဲ့အကြောင်းအရာတွေမှာ မပြောင်းလဲသေးသ၍တော့ ရုပ်ရှင်မှာမတူကွဲပြားစုံလင်မှုက စိတ်ကူးယဉ်ဆန်နေဦးမှာပါပဲ။
(၂၀၂၀) ခုနှစ်မှာ Filmförderung Hamburg Schleswig-Holstein (The Hamburg Schleswig-Holstein Film Fund) က မတူကွဲပြားစုံလင်မှုအတွက်စစ်ဆေးဖို့အချက်တွေပါတဲ့ စာရင်းကိုမိတ်ဆက်ပေးခဲ့တယ်။ အဲဒီကနေ “Billie” လို့ခေါ်တဲ့ ရုပ်ရှင်စီမံကိန်းကို ယူရို (၂၅၀၀၀) ထောက်ပံ့ပေးနိုင်ခဲ့တယ်။ ဒီစာရင်းနဲ့ပတ်သက်လို့ ခင်ဗျားမှာဘယ်လိုမျိုးတွေတွေ့ကြုံခဲ့ရသလဲ။
ဒီလိုမျိုးအသုံးဝင်ပြီး ကိုယ့်ကိုယ်ကိုယ်စစ်ဆေးအတည်ပြုနိုင်တဲ့နည်းကိရိယာမျိုးရရှိလာတာကို ကျွန်မအလွန်ဝမ်းသာမိပါတယ်။ ဒီစာရင်းက ငြင်းခုံဆွေးနွေးတာတွေကိုအစပျိုးပေးပြီး နေရာအသစ်တွေအတွက်လမ်းဖွင့်ပေးတယ်။ ဒါက ဇာတ်လမ်းရေးသားသူတွေကို အခွင့်အရေးပေးလိုက်တာပါပဲ။ ငွေကြေးထောက်ပံ့ရေးအသင်းအဖွဲ့အတော်များများကလိုက်မလုပ်ကြတာတော့ဝမ်းနည်းစရာပေါ့နော်။ အများစုက မတူကွဲပြားစုံလင်မှုအကြောင်းကို ပိုပိုပြီးပြောလာကြပေမဲ့လည်း ဖွဲ့စည်းပုံအဟောင်းတွေကိုပဲငြိတွယ်နေကြတုန်းလေ။ တီထွင်ဖန်တီးနိုင်စွမ်းအတွက်ပဲစာရင်းထုတ်ပေးတာက မလုံလောက်သေးဘူး။ ရုပ်သံထုတ်လွှင့်ရေးကုမ္ပဏီတွေရဲ့ဆုံးဖြတ်ချက်ချသူတွေအတွက် အဲဒါနဲ့ဆင်တူတဲ့ဟာမျိုး ကျွန်မတို့မှာလိုနေသေးတယ်။
အဲဒီစာရင်းက အနုပညာလွတ်လပ်ခွင့်ကိုကန့်သတ်ထားတယ်လို့ ဝေဖန်သူတွေကပြောကြပါတယ်။
ဒီအကြောင်းကို ကျွန်မထပ်ကာထပ်ကာကြားဖူးပါတယ်။ အနုပညာလွတ်လပ်ခွင့်ဆိုတာ တကယ်ပဲဘာများလဲ။ အနုပညာလွတ်လပ်ခွင့်ဆိုတာက ကျွန်မတို့တွေအနေနဲ့ ဩဇာကြီးတဲ့ဖွဲ့စည်းပုံအဟောင်းတွေကိုဖက်တွယ်မနေဖို့ လှုံ့ဆော်နေတာမဟုတ်ဘူးလား။ ကျွန်မလေ ဒီဟာနဲ့ပတ်သက်ပြီး တစ်ချိန်လုံးသည်းညည်းခံနေရတာ။ စနစ်နဲ့ကိုက်ညီတဲ့ဇာတ်လမ်းတွေက လက်တွေ့မှာ ရှေ့နောက်မညီကြဘူး။ မတူကွဲပြားစုံလင်မှုအတွက်စစ်ဆေးဖို့အချက်တွေပါတဲ့စာရင်းဆိုတာက အသစ်အဆန်းတစ်မျိုးမျိုးကိုကြိုးစားကြည့်ဖို့ရည်ရွယ်ထားတဲ့ဟာပဲ။ မတူကွဲပြားစုံလင်မှုဆိုတာက ဇာတ်လမ်းကိုပြောပြဖို့နောက်ထပ်နည်းလမ်းတွေနဲ့ ဇာတ်ကြောင်းထဲမှာ နက်နဲလှပမှုကိုပိုစေတဲ့နည်းလမ်းတွေကိုဆိုလိုတာတင်မဟုတ်ဘဲ ကင်မရာနောက်ကွယ်မှာလုပ်ကိုင်နေကြတဲ့အဖွဲ့တွေရဲ့လက်တွေ့ဘဝကိုထင်ဟပ်နိုင်ဖို့ကိုပါဆိုလိုတာပါ။ အားလုံးက ညီတူညီမျှပါဝင်ကြရမှာဖြစ်ပါတယ်။
ရုပ်ရှင်ထဲမှာမတူကွဲပြားစုံလင်မှုဆိုတာ ဘယ်လိုအဓိပ္ပာယ်မျိုးဖြစ်သင့်သလဲ။
တကယ်တော့ ဘယ်လိုအဓိပ္ပာယ်မှမဟုတ်ဘူး။ ကျွန်မတို့ မြင်ရသမျှ၊ ကြားရသမျှ အကြောင်းအရာတွေပဲဖြစ်သင့်တာ။ ကျွန်မတို့ရဲ့လူ့အဖွဲ့အစည်းက အလွှာအမျိုးမျိုးရှိပြီးတော့ မတူကွဲပြားစုံလင်ပါတယ်။ ကျွန်မတို့ရဲ့လက်တွေ့ဘဝကလည်း အလွှာအမျိုးမျိုးရှိပြီးတော့ မတူကွဲပြားစုံလင်တယ်။ ရုပ်ရှင်၊ ရုပ်မြင်သံကြားနဲ့အသင်းအဖွဲ့တွေမှာလည်းဒီအတိုင်းပဲ ဘာလို့မဖြစ်နိုင်ရမှာလဲ။ ကျွန်မကလေးဘဝတုန်းက ဂျာမန်ရုပ်ရှင်တွေနဲ့တီဗီဖန်သားပြင်ပေါ်မှာ ကျွန်မကိုယ်ကျွန်မပုံမဖော်ဖူးပါဘူး။ ကျွန်မရဲ့ကလေးတွေလည်းအတူတူပါပဲ။ ကျွန်မရဲ့မြေးတွေကျရင်တော့ သူတို့ရဲ့နောက်ကြောင်းရာဇဝင်ကိုဘာတံဆိပ်မှမတပ်တော့ဘဲ လူသားဆိုတဲ့အဆင့်မှာတင် ရိုးရိုးရှင်းရှင်းလေးပုံဖော်ပြီး သူတို့ကိုယ်သူတို့ထုတ်ဖော်ပြရမယ်ဆိုတဲ့အတွေးမျိုးမရှိတော့ဘဲ ကိုယ့်ကိုယ်ကိုယ်မြင်နိုင်ဖို့ မျှော်လင့်မိပါတယ်။
ဂျာမန်ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားထုတ်လုပ်ရေးကုမ္ပဏီ UFA ကလည်း ပိုကောင်းတဲ့နည်းလမ်းနဲ့ မတူကွဲပြားစုံလင်မှုကိုထင်ဟပ်စေချင်နေတယ်။ ဂျာမန်သည်းထိတ်ရင်ဖိုမှုခင်းရုပ်ရှင်ဖြစ်တဲ့ “Tatort” ရဲ့အပိုင်းတစ်ပိုင်းအတွက် စာချုပ်ထဲမှာ “inclusion rider” ကိုသတ်မှတ်ပေးတဲ့ #actoutinitiative နဲ့ NDR (North German Television) ဆိုတာလည်းရှိတယ်။ ဒီထဲကဘယ်နည်းလမ်းတွေက အဓိပ္ပာယ်ရှိတယ်လို့ထင်ပါသလဲ။
ကျွန်မအထင်တော့ အဲဒီနည်းလမ်းတွေအားလုံးကမှန်ကန်ပြီးတော့ လုံးဝကိုလိုအပ်တယ်။ မညီမမျှဖြစ်တာက အရမ်းများတာမလို့ လူမှုရေးဆိုင်ရာတာဝန်ယူမှုရှိရမယ်ဆိုတာကို မီဒီယာစီမံဆောင်ရွက်သူတွေသတိထားမိစေတဲ့ခြေလှမ်းမှန်သမျှ၊ ကြိုးပမ်းမှုမှန်သမျှကအရေးကြီးပါတယ်။
ဂျာမန်ရုပ်ရှင်လုပ်ငန်းရဲ့အနာဂတ်အတွက် ဘာတွေကိုတောင်းဆိုချင်ပါသလဲ။
ကျွန်မက အပိုင်းကဏ္ဍအချင်းချင်းကြားမှာ ၅၀-၅၀ ခွဲတမ်းမျိုးကိုလိုချင်တယ်။ British Film Institute ရဲ့မတူကွဲပြားစုံလင်မှုစံသတ်မှတ်ချက်တွေကို ဆီလျော်အောင်ပြောင်းလဲယူတာရယ်၊ ရိုက်ကွင်းပေါ်နဲ့ထုတ်လုပ်ရေးအပိုင်းအပြင် အတားအဆီးကင်းစင်တဲ့ရုပ်ရှင်တွေမှာအသိသတိရှိတာရယ်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့လေ့ကျင့်သင်ကြားပေးသူတွေရယ်ကို လိုချင်ပါတယ်။
နေ့စဉ်ဘဝမှာလူမျိုးရေးခွဲခြားမှုတွေနဲ့ပတ်သက်လို့ ဒါရိုက်တာ Sarah Blaßkiewitz ပြောတာက နစ်နာသူတွေဘက်က ပြဿနာတွေကိုထောက်ပြကြပေမယ့်အဖြေမပေးနိုင်ကြဘူးတဲ့။ ခင်ဗျားအနေနဲ့ရောဘယ်လိုမြင်မိလဲ။
သူ့ပြောတဲ့အတိုင်းပါပဲ။ အခွင့်ထူးခံမဟုတ်တဲ့လူတွေကိုကိုယ်စားပြုတဲ့အဖွဲ့စည်းတွေက ဖြေရှင်းနည်းတွေ ဒါမှမဟုတ် ဆောင်ရွက်မှုတွေကိုပေးနေကြပါပြီ။ ဒါပေမဲ့လည်းလက်မခံကြဘူး။ နိုင်ငံရေးအဆင့်မှာတောင်လက်မခံကြဘူး။ လူမျိုးရေးတိုက်ခိုက်တာတွေအားလုံးမှာ နောက်ဆက်တွဲဖြေရှင်းချက်တွေရှိလေ့ မရှိကြဘူး။ ကျွန်မတို့အားလုံးမှာ လူမှုရေးတာဝန်ရှိပါတယ်။ အထူးသဖြင့် တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ချင်းစီတင်မဟုတ်ဘဲ ဆုံးဖြတ်ချက်ချသူတွေမှာပါတာဝန်ရှိတယ်။ ကျွန်မတို့အားလုံးကစံနမူနာထားထိုက်တဲ့သူတွေပါပဲ။