မြို့ပြနှင့်ကျေးလက်
အိမ်ဆိုတာဝိုင်ဖိုင်ရှိတဲ့နေရာ
သင့်အနေဖြင့် ကျေးလက်သို့လူများရွှေ့ပြောင်းနေထိုင်နေကြပြီ (သို့မဟုတ်) ကျေးလက်ကိုလူများစွန့်ခွါနေကြပြီ စသည်တို့ကို မီဒီယာများတွင်ပုံမှန် ဖတ်ရ၊ ကြားရမည်ဖြစ်ပါသည်။ တကယ့်လက်တွေ့တွင်ဘာတွေဖြစ်နေပါသလဲ။ မြို့ပြ (သို့မဟုတ်) ကျေးလက်မှ လူတို့အစုလိုက်အပြုံလိုက်စွန့်ခွါခြင်းပေလော။ ဤတွင်ဂျာမန်လူမျိုးများအတွက်မည်သို့ဖြစ်သနည်း။
အကယ်၍ သင်သည် မြို့ပြနှင့်ကျေးလက်လူနေမှုဘဝများအကြောင်း မီဒီယာများတွင်မလွတ်တမ်းဖတ်ရှုသူဖြစ်ပါက သတင်းဖော်ပြချက်များသည်ရှေ့နောက်မညီမှုများနှင့်ပြည့်နှက်နေသည်ဟု သင့်အနေဖြင့်တွေးမိနိုင်ပါသည်။ (၂၀၁၉) ခုနှစ်တွင် Institut der deutschen Wirtschaft (Cologne Institute for Economic Research) မှ လေ့လာမှုတစ်ခုက ဂျာမန်လူမျိုးများသည် မြို့ပြအား ပို၍၊ ပို၍ စွန့်ခွါနေကြသည်ဟုကောက်ချက်ချခဲ့သည်။ တစ်နှစ်ကြာပြီးနောက် Ifo သုတေသနအဖွဲ့အစည်း၏ Dresden ဌာနခွဲမှ ကျေးလက်၌နေထိုင်လျက်ရှိသောလူဦးရေအချိုးအစားသည် (၁၈၇၁) ခုနှစ်နောက်ပိုင်းတွင် အနိမ့်ဆုံးသို့ပြန်လည်ရောက်ရှိခဲ့သည်ဟု ကြေညာခဲ့သည်။ အလွန်ဝိရောဓိဖြစ်စရာပင်။ ဤအခြင်းအရာသည် အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ကျေးလက်သို့လော၊ မြို့ပြသို့လော။ လက်ရှိတွင် လူတို့ မည်သည်သို့ ပို၍ရွှေ့ပြောင်းနေကြသနည်း။
လူငယ်မျိုးဆက်များကျေးလက်မှအစုလိုက်အပြုံလိုက်စွန့်ခွါမှု
ဂျာမန်ဖယ်ဒရယ်စာရင်းအချက်အလက်ဌာနအရ Leipzig ၊ Frankfurt am Main နှင့် Berlin မြို့များသည် (၂၀၁၈) ခုနှစ်အတွင်း၌ လူဦးရေထူးထူးခြားခြားတိုးတက်များပြားလာခဲ့သော ဂျာမနီ၏အဓိကမြို့ကြီးများဖြစ်ပါသည်။ ဤသည်မှာ အံ့ဩစရာတော့လည်းမဟုတ်ပေ။ သွားရေးလာရေးအဆင်ပြေလွယ်ကူမှု၊ ကျောင်းများ၊ ကလေးထိန်းစင်တာများ၊ အုပ်ချုပ်ရေးစနစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုစသည့်ကဏ္ဍများတွင် မြို့ပြကြီးတစ်ခု၏အခြေခံအဆောက်အအုံပြည့်စုံမှုသည် ထိုမြို့များ၌နေထိုင်ရခြင်းအားအထူးဆွဲဆောင်မှုရှိစေပါသည်။ သာဓကဆိုရလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်မြို့တော်များဖြစ်သော Berlin ၊ Hamburg ၊ Bremen နှင့်အခြားလွတ်လပ်သော အချက်အချာကျ သီးခြားမြို့ပြဧရိယာများတွင် လူဦးရေ (၁၀၀,၀၀၀) စီတိုင်းအတွက် အထွေထွေဆရာဝန် (၇၇) ဦးမှ (၁၀၃) အထိရှိကြောင်း BMI (ဖယ်ဒရယ်ပြည်ထဲရေးဝန်ကြီးဌာန) မှကိန်းဂဏန်းများကဆိုပါသည်။ ဆန့်ကျင်ဘက်တွင်မူ Mecklenburg-Western Pomerania ၊ Brandenburg ၊ Bavaria နှင့် Lower Saxony ပြည်နယ်များရှိလူနေနည်းပါးသောခရိုင်ဒေသများတွင်မူ ဆရာဝန်အရေအတွက်သည် (၁၇) ဦးမှ (၄၄) ဦးသာရှိပါသည်။ အထူးသဖြင့် အသက် (၁၈) နှင့် (၃၀) အကြားရှိလူငယ်များသည် မြို့ကြီးပြကြီးများသို့ ရွှေ့ပြောင်းအခြေချနေကြပါသည်။ စီးပွါးရေးဆိုင်ရာသုတေသနအဖွဲ့အစည်းဖြစ်သော RWI Leibniz Institut အရ ဤလူငယ်များသည် ပြည်တွင်းရွှေ့ပြောင်းအခြေချသူများအနက် (၄၃) ရာခိုင်နှုန်းနှင့်အများဆုံးအဖြစ်ရပ်တည်နေပါသည်။
အခြားတစ်ဖက်တွင် အိမ်ရာပြတ်လပ်ရှားပါးမှုကလည်း မြို့ပြများမှစွန့်ခွါစေလျက်ရှိပါသည်။ သာဓကအနေဖြင့် ဘာလင်မြို့၊ Kreuzberg ခရိုင်တွင် အိပ်ခန်းတစ်ခန်းပါသော (၂၅) စတုရန်းမီတာအကျယ်ရှိ စတူဒီယိုတိုက်ခန်းတစ်ခန်းအတွက် အခြေခံငှါးရမ်းခသည် ယူရို (၁၀၀၀) ဖြစ်ရာ မည်သူ့အတွက်မဆို တတ်နိုင်ရန်ခဲယဉ်းသောဈေးနှုန်းတစ်ခုဖြစ်ပါသည်။ ဤသို့ဖြစ်ရခြင်း၏အကြောင်းအရင်းမှာ အိမ်ရာတိုက်ခန်းအတော်များများကို အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများမှနေရာဦးဝယ်ယူထားခြင်းကြောင့်ဖြစ်ပြီး အချက်အချာကျသောနေရာကောင်းများတွင် နေထိုင်နိုင်သောသူများသည်လည်း အများအားဖြင့် Airbnb ဝက်ဘ်ဆိုက်မှဖောက်သည်များသာဖြစ်လေ့ရှိပါသည်။ သို့ဖြစ်ရာ လူတို့အနေဖြင့် လေကောင်းလေသန့်ရရှိပြီးမြေနေရာများအဆုံးမရှိကျယ်ဝန်းသောကျေးလက်ဒေသတွင် ဘဝသည်ပိုမိုကောင်းမွန်လိမ့်မည်ဟူသောစိတ်ကူးကိုတွေးမိကြခြင်းမှာ နားလည်နိုင်ဖွယ်အရာတစ်ခုဖြစ်ပါသည်။ ယာတောအိမ်လေးကို အတွင်း၌မာလ်တီမီဒီယာအိမ်တွင်းရုံးခန်းရှိသော၊ လတ်ဆတ်သောပန်းသီးပိုင်မုန့်များစားပွဲပေါ်တွင်ရှိနေသော၊ စွမ်းအင်ချွေတာနိုင်သည့်အံ့ဩဖွယ်ခေတ်မှီနေရာတစ်ခုအဖြစ်ပြောင်းလဲကာ ဟုတ်ပါသည်။ ကလေးများသည်လည်း သူတို့စိတ်ထဲရှိသည့်အတိုင်း လွတ်လပ်စွာမြူးတူးခုန်ပေါက်ပြေးလွှားဆော့ကစားနိုင်တော့မည်ဖြစ်ပါသည်။ အနည်းဆုံးတော့ ၎င်းသည် လူအချို့၌ရှိသောအိပ်မက်တစ်ခုပင်ဖြစ်ပါသည်။
ကျေးလက်လူနေမှုဘဝလား။ ခေတ်နောက်ပြန်ဆွဲလိုက်တာ။
သို့ရာတွင် ကျေးလက်လူနေမှုဘဝအကြောင်းစိတ်ကူးသည် ကြည်နူးဖွယ်ကောင်းသလောက် တခါတရံ၌ ဤစိတ်ကူးသည် လူတို့အားလှည့်စားတတ်ပါသည်။ အိမ်မှအလုပ်လုပ်ခြင်းအကြောင်းပြောကြည့်ကြရအောင်။ ယခုအချိန်ထိပင် ကျေးလက်ဒေသအတော်များများတွင် မြန်ဆန်သောအင်တာနက်မရှိသေးပါ။ Berlin ၊ Munich နှင့် Hamburg မြို့များတွင် ကြိုးမဲ့ဝိုင်ဖိုင်ကွန်ယက်တပ်ဆင်ထားနိုင်သောအိမ်ထောင်စုပမာဏသည် (၉၀) ရာခိုင်နှုန်းကျော်ရှိသော်လည်း ကျေးလက်ဒေသတွင်မူ (၆၀) ရာခိုင်နှုန်းအောက်သာရှိပါသေးသည်။ ဒစ်ဂျစ်တယ်ဆိုင်ရာပစ္စည်းအထောက်အပံ့များသည် ဝန်ထမ်းများ အိမ်မှအလုပ်လုပ်နိုင်ရန်အတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ကြောင်းကို ကျွန်ုပ်တို့အနေဖြင့် မမေ့သင့်ပေ။ အိမ်မှနေ၍အလုပ်လုပ်နိုင်ခြင်းမရှိသူများအတွက်မူ ကျေးလက်သို့ပြောင်းရွှေ့အခြေချခြင်းသည် သွားရေးလာရေးအတွက် အလွန်အမင်းအချိန်ကုန်ခြင်းကိုသာဖြစ်စေတတ်ပါသည်။ (၂၀၁၈) ခုနှစ်တွင် ဂျာမနီရှိ လူပေါင်း (၁၉) သန်းခန့်သည် အိမ်နှင့်အလုပ်ခွင်အကြား ဝေးကွာစွာအသွားအပြန်ပြုခဲ့ရသည်။ ဝန်ထမ်း (၆၀) ရာခိုင်နှုန်းနီးပါး၏အိမ်နှင့် အလုပ်ခွင်တို့သည် မတူညီသောမြူနီစီပယ်ဒေသများတွင်တည်ရှိနေပါသည်။ သက်သာသောအိမ်ခြံမြေဈေးနှုန်းများအတွက် သင့်အနေဖြင့် တစ်နာရီ (သို့မဟုတ်) တစ်နာရီထက်ပိုသောအချိန်ကို လမ်းပေါ်၌စတေးရခြင်းကိုလက်ခံရမည်ဖြစ်ပါသည်။ ၎င်းသည် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ရှုထောင့်အရကြည့်လျှင်လည်း ကျေးလက်လူနေမှုဘဝသည် အားသာချက်တစ်ခုမဟုတ်ကြောင်းကိုပြသနေပါသည်။ ဤသည်နှင့်ဆန့်ကျင်စွာပင် ပိုမိုကျယ်ပြန့်သောဧရိယာများတွင် လူတို့ ဖြန့်ကျက်နေထိုင်ခြင်းကြောင့် မြေဆီလွှာဆုံးရှုံးပျက်စီးခြင်း၊ လျှပ်စစ်နှင့်အပူပေးစနစ်တို့အတွက် စွမ်းအင်ပိုမိုမြင့်မားစွာ သုံးစွဲခြင်းကြောင့်ကျေးလက်လူနေမှုဘဝသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ထွက်ရှိမှုကိုပိုမိုများပြားစေပါသည်။
ရလဒ်မှာ ကျေးလက်ဒေသအားလုံးနီးပါးသည် ဒေသခံများကိုဆုံးရှုံးလျက်ရှိပါသည်။ ဤကဲ့သို့ဖြစ်နေသည်မှာလည်း နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ မြို့ပြကြီးတစ်ခုမှ ပို၍ဝေးကွာစွာနေထိုင်လေလေ၊ ထိုကျေးလက်ဒေသမှ လူတို့ပို၍စွန့်ခွါချင်လေဖြစ်သည်။ “လူငယ်တွေက ကျေးလက်ကိုအဓိကရှောင်ကြဉ်လိုကြတယ်။ ရလဒ်အနေနဲ့ ကျွမ်းကျင်လုပ်သားရှားပါးလာပြီး ကလေးမွေးဖွားနှုန်းကျဆင်းလာတယ်။” ဟု Dresden Ifo သုတေသနအဖွဲ့၏အကြီးအကဲ Felix Rösel က ပြောပါသည်။ တစ်နည်းဆိုရလျှင် ကျေးလက်ဒေသလူဦးရေသည်အသက်ကြီးလာပြီဖြစ်သည်။ တခါတရံ ကျေးလက်ဒေသများတွင်လူသေဆုံးနှုန်းသည်အလွန်မြင့်မားရာ သိသာများပြားသောလူငယ်အရေအတွက်တစ်ခုပြောင်းရွှေ့မှသာလျှင် လူကြီးများ၏သေဆုံးမှုကိုအစားထိုးဖာထေးနိုင်ပါလိမ့်မည်။ ဥပမာ (၂၀၀၈) ခုနှစ်နှင့် (၂၀၁၅) ခုနှစ်အကြားတွင် Bautzen ခရိုင်ဒေသမှ (၁၈) နှစ်မှ (၂၉) နှစ်အရွယ်ကြားဒေသခံများ၏လေးပုံတစ်ပုံနီးပါးသည် ဒေသမှရွှေ့ပြောင်းသွားခဲ့ကြသည်။ အရက်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်ငယ်များ၊ အသားဆိုင်များနှင့် မုန့်ဖိုတိုက်များသည်လည်း သူတို့နှင့်အတူပျောက်ကွယ်သွားခဲ့ပါသည်။
မိသားစုများမြို့ပြမှစွန့်ခွါမှု
သို့ဆိုလျှင် ကြီးမြင့်သောအိမ်ခြံမြေဈေးနှုန်းများ၊ ညစ်ညမ်းသောလေထုနှင့် ကျဉ်းကျုတ်မွန်းကြပ်သောမြို့ပြဘဝတွင် အကျဉ်းကျနေမှုများကို စိတ်ကုန်လာသောလူများကရော ဘယ်ကိုသွားကြသနည်း။ ဂျာမန်ဖယ်ဒရယ်စာရင်အချက်အလက်ဌာနအရ မြို့ကြီးများအား ပို၍၊ ပို၍ စွန့်ခွါနေသူများတွင် မိသားစုများသည်အများဆုံးဖြစ်ပါသည်။ သို့သော် အသက် (၃၀) နှင့် (၄၉) နှစ်အကြားရှိ လူကြီးများနှင့်သူတို့၏ကလေးငယ်များသည် ကျေးလက်ဒေသစစ်စစ်သို့ပြောင်းရွှေ့ခြင်းမဟုတ်ဘဲ မြို့ပြင်အစပ်၊ တောမကမြို့မကျနေရာများသို့ အဓိကပြောင်းရွှေ့နေခြင်းဖြစ်ပါသည်။ ဂျာမနီနိုင်ငံတွင် လက်ရှိ၌ လူဦးရေအများဆုံးတိုးပွါးလျက်ရှိသောနေရာများမှာ မြို့ကြီးများနှင့်စီးပွါးစည်ပင်သောကျေးလက်ဒေသများဖြစ်သည်ဟု BMI မှ စစ်တမ်းများကဖော်ပြနေပါသည်။ ဖယ်ဒရယ်ဗဟိုမြို့တော်အကြောင်းပြောကြသောအခါ ဤဖြစ်စဉ်ကို “Berlin Drain” ဟု ခေါ်တွင်ပြီး မိသားစုများသည် မြို့တွင်းဧရိယာဟုယေဘုယျသတ်မှတ်ထားကြသော Brandenburg ဧရိယာအတွင်းရှိ မြို့ငယ်နှင့်မြို့လတ်များသို့ ရွှေ့ပြောင်းအခြေချကြသည်။ ထို့ကြောင့် Dresden Ifo သုတေသနအဖွဲ့မှ သုတေသီများမှ လူဦးရေသိပ်သည်းတိုးပွါးလာမှုကိုလေ့လာတွေ့ရှိနေရသော်လည်း စင်စစ်တွင်မူ နေရာအနည်းငယ်တွင်သာဖြစ်ပါသည်။ “စစ်ပြီးကာလတစ်ခုလုံးမှာ ဂျာမနီရဲ့လူဦးရေက ဒီနေ့ခေတ်လို မညီမညာ တစ်ဖက်စောင်းနင်းပျံ့နှံ့နေထိုင်ခြင်းမျိုးမရှိခဲ့ဖူးဘူး။” ဟု အဖွဲ့၏ဒါရိုက်တာ Felix Rösel ကဆိုပါသည်။ ဤခေတ်ရေစီးကြောင်းမှအမြတ်ထွက်သောမြူနီစီပယ်ဒေသတစ်ခုမှာ Saxony ပြည်နယ်အတွင်းရှိ Eilenburg မြို့ပင်ဖြစ်သည်။ Mulde မြစ်အားမေးတင်ထားပြီး Leipzig မြို့နှင့်ကောင်းမွန်သည့်လမ်းပန်းဆက်သွယ်ရေးရှိသော ဤမြို့ငယ်လေးသည် (၂၀၁၄) ခုနှစ်တွင် မြို့နေလူဦးရေ (၁၆,၀၀၀) အောက်သာရှိခဲ့ရာမှ ယခုအခါအတော်အသင့်များပြားသည့်လူဦးရေ (၁၇,၀၀၀) အထိရှိလာခဲ့သည်။ Daniel Dettling ကဲ့သို့ အနာဂတ်ခန့်မှန်းပညာရှင်များအတွက်မူ ၎င်းမြို့ငယ်လေးများသည် တစ်ခေတ်ဆန်းတိုးတက်မှုများကိုကြုံတွေ့မည်မှာ မလွဲဧကန်ပင်ဖြစ်သည်ဟုယူဆထားကြပါသည်။ တစ်ခုတည်းသောလိုအပ်ချက်မှာ “မြို့ငယ်များသည် မြို့ကြီးများမှပေးစွမ်းနိုင်သောလူနေမှုအဆင့်အတန်းမျိုးကို ပေးစွမ်းနိုင်ရပေမည်။ ဆိုလိုသည်မှာ ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးစနစ်ကိုချဲ့ထွင်ရမည်။ ကျယ်ပြန့်သောကြိုးမဲ့ဝိုင်ဖိုင်ကွန်ယက်လွှမ်းခြုံမှုရှိရမည်။ ကောင်းစွာတည်ဆောက်ထားသောမိုဘိုင်းလ်ဒေတာကွန်ယက်အတွက်အာမခံနိုင်ရပါမည်။” “အိမ်ဆိုတာဝိုင်ဖိုင်ရှိတဲ့နေရာ” ဟူသောဆောင်ပုဒ်အတိုင်းပင်။ နောက်ဆုံးတွင် လူတို့သည် မြို့၏ပျားပန်းခတ်စည်းကားမှုနှင့်ကျေးလက်၏ငြိမ်းချမ်းတိတ်ဆက်မှု၊ လတ်ဆတ်သောပန်းသီးပိုင်မုန့်နှင့်မြန်ဆန်သောဝိုင်ဖိုင်ကွန်ယက်၊ နှစ်ခုလုံးအား လိုချင်ကြသည်သာဖြစ်သည်။ သို့မဟုတ် Kurt Tucholsky က (၁၉၂၇) ခုနှစ်တွင် သူ၏ကဗျာ Das Ideal (The Ideal) ထဲတွင်ထိထိမိမိဖွဲ့ဆိုခဲ့သည့်အတိုင်း “ရှေ့မှာ Baltic ပင်လယ်၊ နောက်မှာ Friedrichstrasse လမ်း။”
မြို့ပြအတွင်းက ကျေးလက်အငွေ့အသက်လေးတစ်ခု
လူအတော်များများသည် ကျေးလက်တွင် မိခင်သဘာဝတရားကြီး၏ရင်ဝယ်အတွင်း၌နေထိုင်ရန် အိပ်မက်ရှိကြသော်လည်း ၎င်းသည် လူတိုင်းအတွက် လက်တွေ့ကျသောရွေးချယ်မှုတစ်ခုမဟုတ်ပေ။ ကျေးလက်တွင်နေထိုင်လိုသော အိပ်မက်ကို အကောင်အထည်မဖော်နိုင်သောသူများအတွက် သူတို့၏စိတ်ကူးအချို့ကို မြို့ထဲ၌ပင်အကောင်အထည်ဖော်နိုင်ပြီဖြစ်ပါသည်။