မနီလာ၏ပရမ်းပတာပတ်ဝန်းကျင်မှဝေးသော ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Bacolod တွင် ကျွန်တော်၏အဖွားအီဗာ နေထိုင်ပြီး၊ သူမ၏အိမ်ပတ်ဝန်းကျင်မှအရာများ၊ လူများနှင့် အမှတ်တရများကို မှတ်တမ်းတင်ခြင်းမှ အီဗာကတ်တလောက်ကို စတင်ခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့နွေရာသီတွေကို အဲဒီနေရာမှာ ကုန်ဆုံးလေ့ရှိခဲ့သလို၊ ဒီဇင်ဘာမှာလဲခရစ္စမတ်ပွဲကို မကြာခဏကျင်းပလေ့ရှိခဲ့တဲ့နေရာပါ။ ကျွန်တော့်ရဲ့ ထူးထူးခြားခြားမှတ်မိနေတဲ့ကလေးဘဝအမှတ်တရတွေနဲ့ ခွဲမရတဲ့နေရာတစ်ခုလဲဖြစ်ပါတယ်။ ချောကလက်ဖျော်ရည်ပူပူကို မှုတ်သောက်ခဲ့တာတွေ၊ အဖွားရဲ့ အဝတ်လျော်ဆပ်ပြာနံ့တွေ၊ ကုန်းကြောင်းခရီးတွေ၊ မိသားစုအခမ်းအနားတွေနဲ့ နွေရာသီတွေဟာ ကျွန်တော့်ရဲ့မှတ်ဉာဏ်ထဲမှာ လတ်လတ်ဆတ်ဆတ်ရှိနေပါသေးတယ်။
မကြာသေးခင်ကသွားခဲ့တဲ့ခရီးမှာတော့ ကျွန်တော်တို့မိသားစုရဲ့ အိမ်အကူအမျိုးသမီး Michelle ရဲ့ လေးနှစ်သားသားကလေး Enteng ကို သတိပြုမိတယ်။ မကြာသေးခင်ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့်လား ဒါမှမဟုတ် ကျွန်တော်ပဲ အသက်ကြီးလာလို့လားတော့ မသိပါဘူး သူကစားနေတဲ့ပုံကိုသဘောကျနေမိတယ်။ လှေကားတွေပေါ်သူပြေးတက်ဆော့နေတာတွေ၊ တွေ့တဲ့ပစ္စည်း၊တွေ့တဲ့နေရာကို သူ့စိတ်ကြိုက်သုံးပုံတွေ၊ မသုံးတော့တဲ့ရေကူးကန်ထဲမှာ သူ့ခန္ဓာကိုယ် သေးသေးလေး ပတ်ပြေးနေတာတွေ။
ကျွန်တော်သူ့ကိုကြည့်နေရင်း ကိုယ့်ကိုကိုယ် မြင်လာသလို ဒီနေရာကိုလဲ တခြားပုံစံတစ်ခုနဲ့ မြင်လာခဲ့ပါတယ်။ ရိုက်မိတဲ့ဓာတ်ပုံတွေနဲ့အတူ တစ်ဖက်မှာ တမ်းတလွမ်းဆွတ်ရတဲ့ခံစားချက်တွေရှိသလို၊ အခြားတစ်ဖက်မှာလဲ ဒီအိမ်ကြီးပျက်စီးသွားမှာ၊ ရောင်းချပစ်လိုက်မှာကို တွေးပြီးကြောက်ရွံ့ နေတဲ့ပဋိပက္ခတစ်ခုလွန်ဆွဲနေခဲ့ပါတယ်။
အီဗာ က ကျွန်တော်တို့မိသားစုရဲ့ အမှတ်တရတွေ၊ အိမ်အကူတွေ၊ ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ သူတို့မိသားစုတွေရဲ့မှတ်တမ်းတစ်ခုသာမဟုတ်ဘဲ၊ ကုန်လွန်သွားတဲ့အချိန်နဲ့ အတိတ်တွေကိုစုဆောင်းတဲ့ ချဥ်းကပ်မှုတစ်ခုပါ။ အဲဒီအရာတွေ လက်လှမ်းမမီအောင် ပျောက်ကွယ်မသွားခင်မှာ အဖြစ်အပျက်တွေကို မှတ်တမ်းတင်တဲ့၊ အမှတ်တရအဖြစ်သိမ်းဆည်းတဲ့ ကြိုးပမ်းမှုပဲ ဖြစ်ပါတယ်။