ဆေးရုံတက်နေရတဲ့ စန်းကေခိုင်ဆီကို သွားလည်တိုင်း “အိမ်ပြန်ချင်တယ်”လို့ ပြောတာ ကြားရလေ့ရှိပါတယ်။
သူမက အသက် (၁၇) နှစ်အရွယ်ရှိပြီး၊ ရန်ကုန်က နာမည်ကြီးအပ်ချုပ်ဆိုင်တစ်ဆိုင်မှာ ငါးနှစ်ကြာ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံရပြီး နှိပ်စက်ခံခဲ့ရသူပါ။
သတင်းထောက်တစ်ဦးက သူမအကြောင်းကို ဖော်ထုတ် ရေးသားပြီးနောက်မှာမှ သူမလွတ်မြောက်ခဲ့ပါတယ်။ သူမကိုစတွေ့တော့ လက်ချောင်းတွေအားလုံးက အရိုးတွေကျိုးပြီး၊ လက်ကလဲလိမ်နေပါတယ်။ အစပိုင်းမှာ (၁၅) မိနစ်ထက်လဲ ပိုပြီးမရပ်နိုင်ပါဘူး။
ခုတော့ ခွဲစိတ်မှုပေါင်းမြောက်မြားစွာလုပ်ခဲ့ရပြီး ဆေးရုံလဲတက်နေရဆဲပါ။ ကျွန်မအမြင်မှာတော့ သူမက အမြဲတည်ငြိမ်နေပြီး ရင့်ကျက်တဲ့သူတစ်ယောက်ပါ။ ကေခိုင့်ရဲ့မိဘတွေကို တွေ့ရဖို့အတွက် ကျွန်မတစ်ယောက်ထဲ သူမရဲ့ဇာတိရွာ ဘောလုံးကွင်း ကို သွားခဲ့ပါတယ်။ အရင်ကတစ်ခါမှမရောက်ဖူးတဲ့နေရာပေမဲ့ ရောက်ရောက်ချင်း ရွာနဲ့ရင်းနှီးနေတယ်လို့ ခံစားမိပါတယ်။ သစ်ပင်ကြီးတွေ၊ ဝါးရုံပင်တွေ၊ နွားတွေအပြင်၊ မြေသင်းနံ့နဲ့ စပါးခင်းတွေကို ဖြတ်လာတဲ့ လေနုအေးတွေက ကျွန်မကို ကြိုဆိုနေသလိုပါပဲ။ သူငယ်ချင်းတွေနဲ့ ဆော့ကစားရင်း ထွက်ပေါ်လာမယ့် စန်းကေခိုင်ရဲ့ ကလေးဘဝ ရယ်မောသံလေးတွေကို ကြားယောင်မိလာသလို၊ ညဘက် ကလေးတစ်စု ပြောနေကြမယ့် တစ္ဆေပုံပြင်တွေကိုလဲ ပုံဖော်ကြည့်နေမိပါတယ်။ ကျွန်မအတွက်တော့ ဘောလုံးကွင်းရွာကိုသွားခဲ့တာက ကိုယ့်အိမ်ကိုယ်ပြန်ရသလိုပါပဲ။ ရှင်းပြဖို့ခက်တဲ့ အတိတ်ကိုလွမ်းမောနေတဲ့ခံစားချက်ကထူးဆန်းပေမယ့် တစ်ချိန်တည်းမှာ လှပနေပါတယ်။ ရွာကလေးကပေးတဲ့ သူမရဲ့ကလေးဘဝအမှတ်တရတွေထဲမှာ ကျွန်မကိုယ်တိုင် စီးမျောနေခဲ့မိပါတယ်။
“အမှတ်တရလမ်း” ဟာ စန်းကေခိုင်ရဲ့ ဇာတိရွာကလေးကိုလွမ်းမောတဲ့အမှတ်တရတွေ နဲ့ ပျော်ရွှင်စရာကာလတွေကိုအခြေခံပြီး ကျွန်မတို့ အတူတကွအသက်သွင်းခဲ့တဲ့၊ နှစ်ဦးစလုံးအတွက် အဖိုးတန်လှပတဲ့လက်ဆောင်တစ်ခုပဲ ဖြစ်ပါတယ်။