ကက်ဖ်ကာနှင့် အားကစား
မဟာရေကူးသမား

 September 1913, the Lido in Venice ၌ ကက်ဖ်ကာနှင့် အမည်မသိသူတစ်ဦးတို့ ကမ်းခြေ၌တွေ့ရစဉ်
September 1913, the Lido in Venice ၌ ကက်ဖ်ကာနှင့် အမည်မသိသူတစ်ဦးတို့ ကမ်းခြေ၌တွေ့ရစဉ်

ဖရန့်ဇ်ကက်ဖ်ကာသည် “Die Verwandlung” (The Metamorphosis) ၊ “Das Urteil” (The Judgment) ၊ သို့မဟုတ် “Der Process” (The Trial) တို့ကို ရေးသားခဲ့သော ထူးချွန်သည့်စာရေးဆရာအဖြစ် လူများ သိကြသည်။ တစ်ခြားသူတို့ကလည်း သူ့စာအုပ်များထဲက စိတ်ကူးယဉ်မှုလွန်ကဲမှုကြောင့် သူ့ကို ထပ်တူတန်ဖိုးထားကြသည်။ သို့သော် ကက်ဖ်ကာအကြောင်းနှံ့စပ်ကြသူများ မသိသေးသော အရာရှိသည်။ ကက်ဖ်ကာသည် ကာယပိုင်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ကက်ဖ်ကာသည် အားကစား တော်သူတော့မဟုတ်။ သူက အားကစားနည်းအားလုံးကို စိတ်ဝင်စားသူဖြစ်သည်။ ရယ်စရာအချက် တစ်ချက်ကို တင်ပြချင်ပါသည်။ ထိုအချက်မှာ - သူ့တူ Martin Kafka သည် ချက်နိုင်ငံအမျိုးသား ရက်ဘီဘောလုံး အသင်းကို လေ့ကျင့်သင်ကြားပေးသောနည်းပြဆရာဖြစ်သည်။

ရေးသားသူ​ Benedikt Maria Arnold

ဖရန့်ဇ်ကက်ဖ်ကာသည် လမ်းအရှည်ကြီးလျှောက်ခြင်းနှင့် တောင်တက်ခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။ Vltava ၌ လှေလှော်သည်။ တင်းနစ်ဆော့သည်။ သူ့စိတ်ပျက်စရာအလုပ်ကို ပြန်ချိန်ညှိ၍ရရန် သူတွေ့ရှိသည့် မှတ်မှတ် သားသား နည်းလမ်းတစ်လမ်းမှာ - “Müller” ကာယလေ့ကျင့်ခန်းစာအုပ်ဖြစ်သည်။ ဤဝေါဟာရသည် အားကစား နယ်ပယ်တွင် နှစ်ဆယ်ရာစု၌ လူသိများသော အားကစားနည်းကို ရည်ညွှန်းသည်။ ကစားနည်းကိုတီထွင်သူ၏ နာမည်အတိုင်းမှည့်ခေါ်ခြင်းဖြစ်သည်။ ထိုစဉ်က ဒိန်းမတ်လူမျိုးအားကစားသမားနှင့် ကျွမ်းဘားအားကစား နည်းပြဆရာ Jørgen Peter Müller က My System အမည်ရှိ၊ လူကြိုက်များသည့် စာအုပ်တစ်အုပ်ရေးခဲ့သည်။ ထိုစာအုပ်တွင် ကျွမ်းဘားအားကစားနှင့် အသက်ရှုလေ့ကျင့်ခန်းတို့ပါဝင်သည်။ ဒိန်းမတ်လူမျိုးအားကစားဆရာက ‘ဒီလေ့ကျင့်ခန်းကို ၁၅မိနစ်ပဲ နေ့တိုင်းလုပ်၊ ကြံ့ခိုင်ကျန်းမာရမယ်” ဟု ကတိစကားဆိုခဲ့သည်။

ကက်ဖ်ကာ သဘောကျသွားသည်။ ကက်ဖ်ကာသည် ၁၉၁၀ခုနှစ်မှ စ၍ လေ့ကျင့်ခန်းတို့ကို တစိုက်မတ်မတ် ညနေတိုင်း နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့သည်။ အားကစားနည်းကိုလည်း သူနှင့်အနီးဆုံး၊ အချစ်ခင်ဆုံးလူများကို လေ့ကျင့်ရန်လည်း ပြောကြားသည်။ Felice Bauer ထံသို့ ရေးသည့်စာတစ်စောင်၌ ယခုလို စိတ်အားထက်သန်စွာ ရေးသားထားသည်။ “နောက်ရက်အနည်းငယ်ကြာရင် မင်းဆီကို ကျုပ် ‘System for Women’ “အမျိုးသမီးတွေ အတွက်စနစ်” ကို ပို့ပေးမယ်။ ဖြည်းဖြည်းချင်း၊ စနစ်တကျ၊ သေသေချာချာ၊ စေ့စေ့စပ်စပ်၊ နေ့တိုင်းလုပ် (မင်း ကျုပ်ကို ကတိပေးတယ်မလား)။ Müller လေ့ကျင့်ခန်းတွေကို စလုပ်၊ ဆက်တိုက် အစီရင်ခံလေ၊ အဲဒါဆို ကျုပ် စိတ် တအားချမ်းသာမှာပဲ” သူ့တိုက်တွန်းပြောဆိုချက်အားလုံးတို့သည် အချည်းနှီးဖြစ်သွားသည်။ အဆုံး၌ Felice Bauer သည် သူ ဖြစ်စေချင်သလို ဖြစ်မလာပေ။

သို့သော် နောက်ထပ်ကာယလှုပ်ရှားမှုတစ်ခုသည် ဖရန့်ဇ်ကက်ဖ်ကာ၏ဘဝ၌ ပိုမိုအရေးကြီးသော ကဏ္ဍတစ်ခု ဖြစ်လာသည်။ ၎င်းမှာ ရေကူးခြင်းဖြစ်သည်။ သူ၏မုန်းတီးစရာနေ့စဉ်အလုပ်ဇယားနှင့် မတူဘဲ ရေငုတ်ခြင်း၊ ရေထဲ၌လှုပ်ရှားသွားလာ ခြင်းတို့သည် ဖရန့်ဖ်ကက်ဖ်ကာအတွက် ရှားပါးသည့် လွတ်လပ်ရေးအရသာဖြစ်သည်။ ရေကူးဖို့အခွင့်အရေး သေချာစွာရနိုင်ရန်မှာ အရေးကြီးလွန်းသဖြင့် သူ ခရီးသွားတိုင်း ဒေသရှိရေကူးကန်တို့ အကြောင်းကို စုံစမ်းမေးမြန်း တတ်လေသည်။ အဆုတ်ရောဂါခံစားနေရသည့်အချိန်၌ပင် သူသည် Sophieninsel ရှိ Prague ရေကူးသင်တန်း ကျောင်း၌ နှစ်စဉ်အသင်းဝင်ဖြစ်ဖြစ်သည်။

သူ့အတ္ထုပ္ပတ္တိကိုဖတ်ကြည့်မည်ဆိုပါက ကက်ဖ်ကာသည် ရေကူးခြင်းနှင့် အပြုသဘောဆောင်သည့်ဆက်ဆံရေး မျိုးရှိနေသောအချက်သည် အံ့ဩသင့်စရာဖြစ်သည်။ ယောက်ျားလေးတစ်ဦးဖြစ်၍ ဖရန့်ဇ်၏ဖခင်က သူ့အား Kleinseitner ကမ်းစပ်ရှိ  “Civilian Swimming School” “အရပ်သားရေကူးသင်တန်းကျောင်း” သို့ ပုံမှန်ခေါ်သွား လေ့ရှိသည်။ ဖရန့်ဇ်က သူ့ဖခင်အား ရေမကူးသူအဖြစ် နောက်ပိုင်း၌ ရည်ညွှန်းခေါ်ဆိုလေသည်။ သူ့ဖခင်က ဖရန့်ဇ်ငယ်စဉ်က ထိုကျောင်း၌ ရေကူးသင်ပေးသည်။ သူ၏ဖခင်သို့ရေးစာ Brief an den Vater (Letter to my Father) လူသိများလာပြီး၊ ဖရန့်ဇ်ကက်ဖ်ဖာသည် ဤအကြောင်းအရာကို အောက်ပါအတိုင်း ရေးသားခဲ့သည်။

“ကျွန်တော် မှတ်မိတယ်၊ ဆိုကြပါစို့- အဲဒီရေချိုးတဲ့တဲထဲမှာပဲ ကျွန်တော်တို့ ဘယ်လို အကျတွေချွတ်ခဲ့ကြတယ်။ အဲဒီတုန်းက ကျွန်တော်က ပိန်ပိန်ပါးပါး၊ အားလည်းနည်းတယ်၊ တောင့်တောင့်တင်းတင်းမရှိဘူး။ ဖေဖေက သန်မာတယ်၊ အရပ်ရှည် တယ်၊ ပခုံးကျယ်တယ်။ တဲထဲမှာရှိနေတာတောင် ကျွန်တော့်စိတ်ထဲ စိုးလိုက်တဲ့ ငါ့အဖြစ်ပဲလို့ ခံစားမိတယ်။ နောက်ပြီး တော့ ဖေဖေ့မျက်လုံးထဲမှာရော၊ တစ်လောကလုံးကလူတွေရဲ့အမြင်မှာရော ဖေဖေဟာ ကျွန်တော့်အတွက် အရာရာပဲ။ ရေချိုးတဲ့တဲအပြင်ဘက် လူတွေရှေ့ကို ကျွန်တော်တို့ ထွက်လာကြတော့၊ ဖေဖေက ကျွန်တော့်လက်ကို ကိုင်ထားတယ်။ ကျွန်တော်က အရိုးစုလေးလို၊ တည်တည် ငြိမ်ငြိမ်လည်းမရှိဘူး၊ ဒိုင်ဗင်ထိုးတဲ့အပြားတွေအပေါ်မှာ ခြေဗလာကျင်းနဲ့၊ ရေကိုလည်းကြောက်၊ ဖေဖေ သင်ပေးတဲ့ ရေကူးတဲ့လက်ဆွဲချက်မျိုးကိုလည်းလိုက်မလုပ်နိုင်ဘူး၊ ဖေဖေကတော့ အကောင်းဆုံးသင်ပေး တာပဲလေ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ တကယ့်ကို အရှက်ကွဲစရာပဲ။ ဖေဖေက ဆက်ပြီးပြပေးတယ်။ ကျွန်တော်လည်း လုပ်မရလို့ ကယောင်ခြောက်ခြားတွေဖြစ်၊ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အဲဒီလိုအခိုက် အတန့်တွေက ကျွန်တော့်အတွက် အတွေ့အကြုံဆိုးတွေပဲ။ ဒါတွေပဲ ရတာ။ တစ်ခါတစ်လေ ဖေဖေ အကျအရင်ချွတ်ရင် ကျွန်တော် နေသာတယ်။ ကျွန်တော် တစ်ယောက်တည်း တဲထဲမှာ ကျန်ခဲ့တယ်။ လူတွေရှေ့မှာ အရှက်ကွဲစရာမလိုတော့ဘူး။ နောက်ဆုံး ဖေဖေက ကျွန်တော် ဘာလုပ်နေတာလဲဆိုတာကို ပြန်လာကြည့်ပြီး၊ တဲအပြင်ဘက်ကို မောင်းထုတ်တော့တာပဲ။ ကျွန်တော့်ရဲ့ မချိတင်ကဲစိတ်ကို ဖေဖေ မမြင်လို့ ကျွန်တော် ဖေဖေ့ကို ကျေးဇူးတင်တယ်။ ကျွန်တော့်ဖေဖေရဲ့ကိုယ်ခန္ဓာကို ကျွန်တော် ဂုဏ်ယူတယ်”

ကျန်ရစ်ခဲ့သော စာအပိုင်းအစထဲ၌ ကက်ဖ်ကာက ရေးကူးခြင်းအကြောင်းကို သူ့ဖခင်ထံသို့ရေးသည့်စာထက် ပိုမိုလျှို့ဝှက်စွာ တင်ပြထားသည်။ ၁၉၂၀ ခန့်က ရေးသားခဲ့သည့် စကားပြေတစ်ပုဒ်၌ နာမည်မရှိသော အိုလံပစ် အားကစားသမားတစ်ဦးအကြောင်းကို ပြောပြသည်။ ထိုအားကစားသမားမှာ ရေကူးရာတွင် ကမ္ဘာ့စံချိန်တင် ခဲ့၍ သူ့မွေးရပ်မြေသို့ ခေါ်ဆောင် ဂုဏ်ပြုလေသည်။ မွေးရပ်မြေ၌ သူ့ကို ဂုဏ်ပြုသည့်ဧည့်ခံပွဲကို သူ တက်ရောက် သည်။ ထိုပွဲ၌ ရေကူးအားကစားသမားသည် အဖြစ်အပျက်နှင့် ဆန့်ကျင်ဘက်ကို ဖွင့်လှစ်ပြလေသည်။ ထိုအခါ ပွဲလာပရိသတ်တို့က သူနားမည်သောစကားတို့ဖြင့် ပြောဆိုကြကုန်သည်။ မွေးရပ်မြေသည် ရုတ်ချည်းပင် သူ့မွေးရပ်မြေမဟုတ်တော့။ အိုလံပစ်ဆုတံဆိပ်ရှင်သည် မိန့်ခွန်းတစ်ရပ်ပြောကြားလေသည်။ ထိုအချက်တို့ကို ပြောရန်မဟုတ်ဘဲ၊ သူ အမှန်တကယ် ရေမကူးတတ်ခြင်းဆိုသည့် အကြောင်းဖြစ်သည်။ သူ အမြဲတမ်း ရေကူးသင်ချင်ခဲ့သည်။ သို့သော် “သူ့တွင် အခွင့်အရေးဘယ်တုန်းကမှ မရခဲ့ပါ” ဟူ၍။

ယင်းအချက်မှာ Kafkaesque တစ်ပြိုင်နက်ဖြစ်ခြင်း ယုတ္တိဗေဒ၏ အခြေခံအချက်တစ်ချက်ဖြစ်သည်။ သူသည် ရေကူးခြင်း၌ အိုလံပစ် ကမ္ဘာ့စံချိန်တင် လူသစ်တစ်ယောက်ဖြစ်သည်။ တစ်ချိန်တည်း၌ပင် သူသည် ထိုသို့မဟုတ် ပြန်။ “[…] ကျုပ် စံချိန်ချိုးခဲ့တယ်။ ကျုပ် တိုင်းပြည်ကို ပြန်တယ်။ သင်တို့ သိတဲ့ နာမည်အတိုင်းပဲ ရှိတယ်။ ဒါတွေကျုပ်လည်းမသိဘူး၊ ကျုပ် ခင်ဗျားတို့ကို နားမလည်ဘူး”

စာက “မဟာရေကူးသမား” ပြောနေသည့် မိန့်ခွန်းအလယ်၌ ရုတ်ချည်း ပြတ်သွားသည်။ နိဒါန်း၌ သူ့ကို မဟာရေကူးသမားအဖြစ် ခေါ်ဆိုခဲ့သည်။ ကက်ဖ်ကာအတွက် ရေကူးခြင်းသည် သူ့ဘဝ၌ လိုအပ်ချက် တစ်ခုဖြစ်သည်။ သူ မကွယ်လွန်မီကလေးက “အရပ်သားရေကူးသင်တန်းကျောင်း”က တမ်းတကြေကွဲ ဖွယ်အခိုက်အတန့်များကို တွေးတောခဲ့သည်။ အခြားအရာများနှင့်မတူဘဲ ထိုလှုပ်ရှားမှုသည် စာပေအရ သူ လွတ်လွတ်လပ်လပ် ကူးခတ်သည့် အခွင့်အရေးကို ပေးခဲ့ခြင်းပင်ဖြစ်မည်။ သူ့၌ နှလုံးဆိုင်ရာ ပြဿနာများဖြစ်ပြီး၊ ဆရာဝန်က သူ့ကို ရေကူးအားကစားအား ခေတ္တနားဖို့ အကြံပြုအပြီး၌ ကက်ဖ်ကာ သည် Felice Bauer ထံသို့ ဤသို့ စာရေးခဲ့သည်။ “. . .ရေမကူးနဲ့တဲ့။ ဒါမဖြစ်နိုင်ဘူးလေ” ဟူ၍။