“သတိ” ဒီအမိန့်သံကြားတာနဲ့တပြိုင်နက်တည်း ကျွန်တော်တို့ဟာ တန်းစီငြိမ်သက်လိုက်ကြပြီး အလံကို အလေးပြုလိုက်ကြပါတယ်။ ဒါဟာ (၁၂) နှစ်လုံးလုံး တနင်္လာနေ့တိုင်း မြင်တွေ့နေကျဖြစ်တဲ့ ကျွန်တော်တို့ ကျောင်းရဲ့အပတ်စဥ်တန်းစီပွဲ မြင်ကွင်းပါပဲ။ ခပ်မတ်မတ်ရပ်ရတဲ့ ကိုယ်ဟန်အနေအထားက ဒီနေရာမှာ အရေးကြီးပြီး၊ ဒါက ကောင်းမွန်တဲ့ ကျင့်ဝတ်လိုက်နာမှုကို ကိုယ်စားပြုပါတယ် ။
“လက်..မြှောက်” ဒီတစ်ခါ အမိန့်သံအကြားမှာတော့ ဘယ်သူမှသေချာဂရုစိုက်မနေကြတော့ပါဘူး။ နာရီလက်တံတွေက သန်းခေါင်ယံအချိန်ကို ညွှန်ပြချင်ညွှန်ပြနေမယ်၊ လမ်းမတွေပေါ်မှာ လှုပ်ရှားမှုတွေ လျော့ပါးလာမယ်၊ ဒါပေမဲ့ အသံလုံရုံ အဖြစ်လောက် ကာထားတဲ့ နံရံတွေနောက်မှာတော့ မိန်းကလေးတွေ၊ ယောကျ်ားလေးတွေ၊ ပျော်ရွှင်မြူးထူးစေတဲ့မူးရစ်ငွေ့တွေ၊ ခွက်ချင်းတိုက်သံတွေနဲ့ အသက်ဝင်နေတုန်းပါပဲ။ ဒါ့အပြင် ကလပ်တွေနဲ့ကာရာအိုကေခန်းတွေကို ည (၁၂) နာရီမှာ ပိတ်ရမယ်ဆိုပြီး အစိုးရကအမိန့်ထုတ်ထားပေမယ့် ဗီယက်နမ်လူငယ်တွေကတော့ ညမှောင်တာနဲ့ ကဲလို့ရတဲ့ နေရာတွေမှာ ပျော်နေတာပါပဲ။ တုန်ခါနေတဲ့အသံလှိုင်းနဲ့ ချွေးစက်တွေထဲမှာ ပုန်ကန်စရာ၊ ကိုးကွယ်စရာ တစုံတခုရှိနေသလို စီးမျောနေပြီး၊ ပိတ်ထားတဲ့ တံခါးတွေနောက်မှာလဲ ပျော်ရွှင်မြူးထူးပြီး အောင်ပွဲခံဖို့ အကြောင်းတစ်ခုခုတော့ရှိနေတတ်ပါတယ်။